ဂျာမနီကို ခိုလှုံလာတဲ့ ယူကရိန်းဒုက္ခသည် ၇ သိန်းကျော်ရှိပြီ

Photo – Reuters

ဂျာမနီနိုင်ငံမှာ ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးလာသူ ၇ သိန်းကျော် စာရင်းရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အချက်အလက်ကို ကိုးကားပြီး Welt am Sonntag သတင်းစာက ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။

စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှ မေ ၁၁ ရက်အထိ လူပေါင်း ၇၂၇,၂၀၅ ဟာ ဂျာမနီနိုင်ငံခြားသားများ မှတ်ပုံတင်ရေးဗဟို (AZR) မှာ စာရင်းသွင်းထားတာပါ။ အဲ့ဒီထဲကမှ ၉၃ ရာခိုင်နှုန်းဟာ ယူကရိန်းနိုင်ငံသားတွေ ဖြစ်တယ်လို့  Welt က ဆက်လက်ဆိုပါတယ်။ 

ယူကရိန်း ဒုက္ခသည်တွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အရွယ်မရောက်သေးသူတွေဖြစ်ပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီး ဒုက္ခသည်တွေရဲ့ ၈၁ ရာခိုင်နှုန်း စာရင်းသွင်းထားတယ်လို့ သိရပါတယ်။

ရုရှားကျူးကျော်ဝင်ရောက်တာကြောင့်  ယူကရိန်းနိုင်ငံအတွင်း နိုင်ငံသား ၈ သန်းကျော်အပါအဝင် လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့  နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာသူအရေအတွက်ဟာ ၆ သန်းကျော်သွားပြီဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး ဥရောပရဲ့ အဆိုးရွားဆုံး ဒုက္ခသည်အကျပ်အတည်းမှာ ပါဝင်လာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။