၂၀၂၃ အာရှဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို တရုတ် စွန့်လွှတ်

Photo – Reuters

တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၃အာရှဖလားဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်လို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“တရုတ်ဘောလုံးအသင်း (CFA) နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် AFC Asian Cup ၂၀၂၃ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို အာရှဘောလုံးအဖွဲ့ချုပ်ကို  တရားဝင်အကြောင်းကြားထားတယ်”လို့ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပတာဖြစ်ပြီး အာရှတိုက်မှ နိုင်ငံအသင်း ၂၄ သင်းပါဝင်ပါတယ်။ လာမယ့်၂၀၂၃နှစ် ဇွန်လ ၁၆ ရက်မှ ဇူလိုင် ၁၆ ရက်အထိ မြို့ကြီး ၁၀ မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့  စီစဉ်ထားတာဖြစ်ပါတယ်။

အာရှဖလားဟာ တရုတ်နိုင်ငံရဲ့ ကပ်ရောဂါထိန်းချုပ်ရေး ကြိုးပမ်းမှုကြောင့် ထိခိုက်ရမယ့် နောက်ဆုံး နိုင်ငံတကာ အားကစားပွဲလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ Omicron မျိုးကွဲကြောင့် နိုင်ငံတစ်ဝှမ်းရှိ မြို့တွေမှာ တင်းတင်းကျပ်ကျပ် ကန့်သတ် ၊ လော့ဒေါင်းချတာတွေနဲ့  ရင်ဆိုင်ခဲ့ရတာပါ။