မြန်မာပြည်တွင် အကြမ်းဖက် စစ်တပ်က မည်သည့် တောင်းဆိုတိုက်တွန်းချက်ကိုမျှဂရုမစိုက်ဘဲ စိတ်ထင်တိုင်း သတ်ဖြတ်သောင်းကျန်းနေခဲ့တာ တနှစ်ခွဲကျော်ပြီဖြစ်သည်။မြင်မြင်သမျှ မထင်လျှင်မထင်သလို ရက်စက်ယုတ်မာတပ်သော စစ်တပ်က မည်းမည်းမြင်ရာ ကိုက်တတ်သည့် ခွေးရူး တကောင်လိုဖြစ်နေသည်မှာ ကြာပြီ။
သူချည်းသာလော ဆိုတော့ “ပျူစောထီးတွေ၊သွေးသောက်တွေနဲ့ပါဘုရား”ဟု ဆိုရမလိုဖြစ်နေ သည်မှာ လည်းကြာပြီဖြစ်သည်။ကိုယ်တိုင်လူသတ်လိုင်စင် ကိုင်ထားရုံနှင့်အားမရသော စစ်တပ်က ပျူစောထီးတွေ၊သွေး သောက်အဖွဲ့တွေ ဖွဲ့ကာ လူသတ်အကြမ်းဖက် အဖွဲ့ခွဲတွေ ထူုထောင်သည်။
ထိုအဖွဲ့ခွဲတွေကလည်း စစ်တပ်လိုပင် လက်မရွံ လူသတ်အကြမ်းဖက်မှုများကျူးလွန်ကြ၏။ယခုတော့ အနှီပျူစောထီးများက သူတို့၏ ခေါင်းကိုင်ဖခင်စစ်တပ်ထက်ပင် တလကြီးကုန်ကြပြီဖြစ်သည်။စစ်တပ်လို ပြည်တွင်းနိုင်ငံ သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်ရုံနှင့်အားမရ။
အိမ်နီးချင်း အိန္ဒိယနိုင်ငံသားနှစ်ဦးကိုပါ ပစ်ခတ်သတ်ဖြတ်လိုက်ကြပြန်သည်။သတ်ဖြတ်ခံရသူတွေက မိုရေး မြို့သားတွေဖြစ်သည်။နှစ်နိုင်ငံ နယ်စပ်မြို့တွေဖြစ်သည့် မိုရေးနှင့်တမူး ဟိုဘက်သည်ဘက် ကူုးလူး ဆက်ဆံကြသည်မှာ နယ်စပ်မြို့တွေရဲ့ထုံးစံဖြစ်သည်။
ထို့ကြောင့် မိုရေးမြို့သား တမီလ်အမျိုးသားနှစ်ဦးက တမူးမြို့မှ မိတ် ဆွေတဦး၏ မွေးနေ့ပွဲတက်ရန် နယ်စပ်ကိုဖြတ်ကျော်ခဲ့ကြသည်။ကံဆိုးသည်မှာ ၎င်းတို့ဖြတ်သန်းလာသော ဟေဇင်ရွာတွင် စစ်ကောင်စီဘက် တော်သား ပျူစောထီးများ စခန်းချနေကြခြင်းပင်။
သတင်းတွေအရ ပျူစောထီးများက ၎င်းတို့ကိုတားဆီးချိန်တွင် ကြောက်လန့်ကာ ဆိုင်ကယ် မောင်းပြေး ၍ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။လူသန်းချီ ဒုက္ခနှင့်အတိပြီးစေနေသည့်တိုင် “ထိန်းထိန်း သိမ်း သိမ်း” လုပ်ဆောင်နေရသည်ဟု မရှက်တမ်း လိမ်ညာနေသည့် စစ်ကောင်စီကတော့ ဒီတကြိမ်တွင်လည်း မျက် နှာပြောင်တိုက်ပြန်၏။
PDF အကြမ်းဖက်တို့လက်ချက်ဟု ခပ်လွယ်လွယ် ဖြေရှင်းလိုက်သည်။သို့သော် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းတွေကို ရရှိသိမ်းဆည်းသွားသည်မှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည်။ဤသို့ အရေးကြီးသော ပြည်ပနိုင်ငံသားများသေဆုံးမှုကို စနစ်တကျ စုံစမ်းစစ်ဆေးခြင်းမပြုနိုင်မီ လျင်လျင်မြန်မြန်ပင် သဂြိုလ်လိုက်သည်။
ဤမျှ ဟိုးလေးတကျော်ဖြစ်သွားသည့် လူသတ်မှုမှ ရုပ်အလောင်းများကို ပိုင်ရှင်လာရောက်ဆက်သွယ် ခြင်းမရှိ၍ သဂြိုလ်လိုက်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရကဆိုသည်။ထို့အတူ ဒေသတွင်း PDF အဖွဲ့များ ကလည်း စစ်ကောင်စီလက်ပါးစေတို့ လက်ချက်သာဖြစ်ကြောင်း ရှင်းလင်းသည်။
လက်တွေ့တွင် ရုပ်အလောင်းများအား လျင်လျင်မြန်မြန် သဂြိုလ်ကာ ဖျောက်ဖျက်လိုက်ခြင်းကပင် တရားခံ အလွယ်တကူ ရှာနိုင်သည့် အခြေအနေမျိုးဖြစ်သည်။PDF လက်ချက်သာ အမှန်ဖြစ်ပါက ထိုရုပ်အေ လာင်းများ တပြပြနှင့် ဤသို့အကြမ်းဖက်နေပါသည်ဟုစစ်ကောင်စီက နိုင်ငံတကာသို့ တခမ်းတနားငိုပွဲဆင်ပြ ဦးမှာဖြစ်သည်။
မြန်မာ့နွေဦးတွင် ကြွေလွင့်ခဲ့ရသည့် ပြည်သူများစာရင်းတွင် မဆီမဆိုင် ကံဆိုးခဲ့ရှာသော မိုရေးမြို့သား တမီလ်အမျိုးသားနှစ်ဦးကိုလည်း ထည့်သွင်းထားရတော့မည်ဖြစ်သည်။
မြန်မာ့နွေဦးတွင် စစ်ကောင်စီ၏ မဆီမဆိုင် အကြမ်းဖက်ခံရမှုဖြင့် ရင်ဆိုင်ရသည်မှာ အနှီ မိုရေးမြို့သား နှစ်ဦးတည်းသာ မဟုတ်ပါ။မြန်မာနိုင်ငံသား ကလေး၊လူငယ် ၆၁ဦးလည်းပါဝင်ပါသည်။အကြမ်းဖက်စစ်တပ်က ၎င်းတို့အလိုရှိသည့် မိဘများအစား ၁၈နှစ်မပြည့်သေးသည့် ကလေး ၆၁ဦးကို ဖမ်းဆီးအကြမ်းဖက်ခဲ့ကြောင်း AAPP ၏ အစီရင်ခံစာ က ဖော်ပြသည်။
စစ်တပ်သည် အာဏာသိမ်းကာလတနှစ်ခွဲအတွင်း အနည်းဆုံး ကလေးသူငယ် ၃၃၈ဦးကို တရက် ထက်ပို၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် ၆၁ဦးမှာ ကိုယ်တိုင်လုပ်ဆောင်သည့် ကိစ္စကြောင့်မဟုတ်ဘဲ မိဘများကိုယ်စား ဖမ်းဆီးခံရခြင်းဖြစ်သည်။
စစ်တပ်ကသာ ဤသို့ ဆိုင်ဆိုင်မဆိုင်ဆိုင် စိတ်ထင်သလို တွေ့ကရာပြည်သူတွေအပေါ် အကြမ်းဖက် နေတာဖြစ်သည်။၎င်းတို့ကအကြမ်းဖက်ဟု ခေါ်ဝေါ်နေသည့် နွေဦးသူရဲကောင်းတွေကတော့ ပြည်သူကို ထိခိုက် စေမည့် လုပ်ရပ်များကို တတ်နိုင်သမျှ ဂရုစိုက်ထိန်းသိမ်းနေကြသည်။
တော်လှန်တိုက်ခိုက်ရေး မစ်ရှင်များလုပ်ဆောင်ရာတွင်ပင် ပြည်သူအပေါ်ထိခိုက်မည်ကို မလိုလားကြ။ ထို့ကြောင့် မြို့ပေါ်မစ်ရှင်တွေနှင့်ပတ်သက်၍လုံခြုံရေးကိုပင် ထိပါးခံကာ ကြိုတင်သတိပေးမှုများ အကြိမ်ြ ကိမ်ထုတ်ပြန်ကြသည်။
သည်ကြားကပင် ပြည်သူကိုထိခိုက်နိုင်သော အခြေအနေတွေကြုံလာရတာလည်း ရှိသည်။ထိုအခါ ခက်ခက်ခဲခဲ ပြင်ဆင်ထားရသော မစ်ရှင်တွေကိုဖျက်သိမ်းပစ်ကြရ၏။ဤသို့ မစ်ရှင်တွေဖျက်သိမ်းပစ်ရသော အတွေ့အကြုံက god’s hand forces-GHF မြို့ပြပျောက်ကြား အဖွဲ့တွင်လည်းရှိသည်။
တကြိမ်တည်းပင်မဟုတ်တော့။ရန်ကုန်မြို့တွင် ဇူလိုင် တလတည်းမှာပင် ပြည်သူကို ငဲ့ညှာ၍ လက်လွှ တ်ခဲ့ရသော မစ်ရှင် သုံးခုရှိပြီဟု အဆိုပါအဖွဲ့က ထုတ်ပြန်အသိပေးသည်။တကယ်တော့ လက်ရှိကာလတွင် မြို့ပြပြောက်ကြားအဖွဲ့တွေ ပိုမိုခက်ခဲကျပ်တည်းစွာ ရပ်တည်တော်လှန်နေကြရတာဖြစ်သည်။
ခက်ခဲလွန်လို့ ဖျက်သိမ်းသွားသည့် အဖွဲ့တွေ၊မြို့ပြကို စွန့်ခွာသွားသည့် အဖွဲ့တွေလည်း မနည်းတော့။ ထို့ကြောင့် လက်ရှိလှုပ်ရှားနေဆဲ အဖွဲ့များသည်လည်း ပွဲတွေကဖို့ ယခင်ကထက် ပိုမိုလုံ့လစိုက်ကြရမှာပင်..။ ဤကြားထဲက အနေမတတ်သော ပြည်သူတွေကြောင့် မစ်ရှင်တွေ လက်လွှတ်လိုက်ရသည်ကို နှမျောတ သနေ ကြမှာ အမှန်ပင်ဖြစ်သည်။
မျက်မှောက်ကာလက တော်လှန်ရေးကာလဖြစ်သည်ကို ကိုယ်တိုင် အသက်စွန့်လုပ်ကိုင်မနေရသော ပြည်သူများကလည်း သဘောပေါက်ကြဖို့လိုပါသည်။အချိန်တိုင်း၊နေရာတိုင်းတွင် ထင်မှတ်မထား သည်များ၊ မျှော်လင့်မထားသည်များဖြစ်လာနိုင်သည်။
ထို့ကြောင့် စားဝတ်နေရေးအတွက် နိစ္စဓူ၀ ရှင်သန်ရုန်းကန်ရာမှာပင် တော်လှန်သတိ၊တော်လှန်အသိ ဖြင့် ဖြတ်သန်းကြဖို့လိုပါသည်။အကောင်းဆုံးကတော့ အကြမ်းဖက် စစ်အုပ်စုနှင့် ဝေးရာမှ ရှောင်ရှားသွားလာနေ ထိုင်ကြဖို့သာဖြစ်သည်။
မြို့ပေါ်တွင် အကြမ်းဖက် စစ်အုပ်စုနှင့်ဝေးဝေးနေရန် ပြည်သူများကို တိုက်တွန်းနေရသော်လည်း ကျေး လက်၊တောင်တန်းတို့ဆီက နွေဦးသူရဲကောင်းများကတော့ ဝေးဝေးမနေနိုင်ကြ။ ရင်ဆိုင်တိုက်ပွဲတွေ၊ ကိုယ့် ဘက်ကစသော စစ်ဆင်ရေးတွေ၊သူ့ဘက်ကလာသည့် တိုက်စစ်တွေနှင့် လုံးထွေးနေကြဆဲ…။
စစ်ကိုင်း၊မကွေး၊အညာလွင်ပြင်က စစ်ရေးသတင်းတွေကတော့ ဘတပြန်ကျားတပြန်ရှိနေဆဲဖြစ်သည်။ ကိုယ့်ဘက်က နယ်မြေစိုးမိုးမှုယူနိုင်ကြောင်းအထင်အရှားထုတ်ပြနိုင်သော သတင်းတွေရှိသလို pdf စခန်းအချို့ စီးနင်းတိုက်ခိုက်ခံရတာတွေလည်းရှိသည်။
ဥကရစ်ထက အစပြုခဲ့သော ဒေါနတောင်တန်းတွေဆီက တိုက်ပွဲတွေသည်လည်း ဆက်လက် ပြင်းထန် နေဆဲ။လေကြောင်းနှင့် လက်နက်ကြီး ပစ်အား အသုံးပြုခြင်းအပြင် ဒေါန တောင်တန်းတွင် အကြမ်း ဖက်စစ်တ ပ်က တိုက်စစ်အစပြုလာသော သတင်းတွေလည်း ဖတ်ရသည်။သတင်းတွေအရတော့ ဒေါနမြေက စစ်ကောင်စီ လက်ပါးစေတို့ “ကရင်ဆော်ဒါ” ကောင်းကောင်းမှီဝဲနေရသည့်ပုံ…။
ကရင်နီတို့မြေ ကယားပြည်တွင်တော့ ကြိတ်မနိုင်ခဲမရဖြစ်ရသည့် သတင်းတပုဒ်ရှိသည်။ဖယ်ခုံတွင် PDF တပ်ပေါင်းစုတို့က စခန်းသိမ်းတိုက်ပွဲနှစ်ခုကို တရက်တည်းတချိန်တည်းဆင်နွှဲခဲ့သည်။ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး စခန်းနှင့် လွယ်ပတာကုန်းစခန်း..။
ဤတိုက်ပွဲနှစ်ခုအနက် လွယ်ပတာကုန်းစခန်းကို PDF တပ်ပေါင်းစုက သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုရခဲ့သည်။လက်နက်ကြီး၊လက်နက်ငယ် ၂၀ကျော်ကိုလည်း သိမ်းဆည်းကာ ပြန်လည်ဆုတ်ခွာ ရန်ပြင်ဆင်သည်။
ထိုအချိန်တွင်မှ စစ်ကောင်စီက အင်အား ၂၀၀ခန့်ဖြင့် စစ်ကူများရောက်ရှိလာကာ တိုက်ပွဲထပ်မံပြင်း ထန်ခဲ့ခြင်းကြောင့် စခန်းကုန်းရော၊သိမ်းဆည်းထားသော လက်နက်များကိုပါ စွန့်လွှတ်ခဲ့ရသည်။ပို၍ ရင်နာ စ ရာက စကစ စစ်ကူများနှင့် ထပ်မံတိုက်ခိုက်ရသည့် တိုက်ပွဲအတွင်း pdf တပ်ပေါင်းစုမှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့ ရခြင်းဖြစ်သည်။နွေဦးကောင်းကင်ယံတွင် ကြယ်ကြွေတွေ များလှပြီ။ဆုတောင်းတွေကား မပြည့်နိုင်သေး။
ဤသို့ ယမ်းငွေ့တလူလူ၊သွေးညှီနံ့ တစိုစိုဖြစ်နေသော မြန်မာသို့ ယခုသီတင်းပတ်အတွင်း နိုင်ငံတကာ ဧည့်သည်တွေရောက်လာကြ၏။လန်ချန်-မဲခေါင်ဆိုသော တရုတ်ဦးဆောင်သည့် အဖွဲ့ အစည်းအဝေးလုပ်ကြ သည်။
ထို့ကြောင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိလည်းရောက်လာသည်။ဒါကသူ့အဖို့ စစ်အာဏာသိမ်း သက်တမ်း တနှစ်ခွဲအတွင်း ပထမဆုံး မြန်မာခရီးဖြစ်သည်။ဝမ်ယိက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံ ခြင်းမရှိ။
သို့သော် ထိုသို့မတွေ့ခြင်းကြောင့် စစ်ခေါင်းဆောင်ကို အသိအမှတ်မပြုဟုလည်း မဆိုနိုင်ပြန်ပေ။ စစ်တ ပ်ဘက်ကို ယိမ်းသည့် စကားတွေကို ပြောသွားသည်။လန်ချန်-မဲခေါင် အစည်းအဝေးလည်းတက်ရင်း အာဆီယံ အလှည့်ကျ ဥက္ကဌ ဟွန်ဆန်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်း လာသည်။
စစ်ခေါင်းဆောင်နှင့်တွေ့သည်။စစ်ကောင်စီက စီစဉ်ပေးသော နိုင်ငံရေးပါတီတွေနှင့်တွေ့သည်။ လူထု ခေါင်းဆောင်နှင့်တော့ တွေ့ခွင့်မရဟုဆိုသည်။ခရီးကအပြန် သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင်က အမှားပါးသော စကားတွေကို ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးက ဖောက်သည်ချသည်။
လက်ရှိအခြေအနေ ပြန်လည်ထိန်းသိမ်းရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေလိုပါက ကြို တင်သတ်မှတ်ချက် သုံးခုထားရှိရမည်ဟု စစ်ခေါင်းဆောင်က ပြောသည်ဟုဆိုသည်။လက်ရှိအစိုးရအဖွဲ့ကို မဖျက်ဆီးရ၊အစိုးရအဖွဲ့ အစားမထိုးရဟုဆိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ အခြေခံမူအဖြစ် ၂၀၀၈ အခြေခံ ဥပဒေကို ထားရမည်ဟု စစ်ခေါင်း ဆောင်က ပြောသည်ဟုလည်းပါသည်။အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး ပေါ်လာသည်ဆိုကာမှ အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုရမည်ဟု စစ်ခေါင်းဆောင်က ဆိုခြင်းဖြစ်သည်။
အောက်ကလည်းနေသေး မှတ်ပြီလားဟု မေးနေသည့် မင်းအောင်လှိုင်ပင်ဖြစ်သည်။ ဤအကြောင်း တွေကြားရသည့်အခါ သွားလေသူ နိုင်ငံကျော် လူရွှင်တော်ကြီးကိုသာ သတိရမိ၏။ထိုလူရွှင်တော်ကြီး၏ ပြက်လုံးများ၌ အသုံးပြုလေ့ရှိသော လက်သုံးစကားတခုရှိသည်။
“ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော” ဟူ၍….။