ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ စစ်ဆေးနေတဲ့ စစ်တပ်မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့အနောက်ပိုင်း၊တောင်ဖီလာရပ်ကွက်မှာစစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“နှစ်ယောက်တော့ ချက်ချင်းသေတာ။ ဒဏ်ရာရတဲ့သူများတယ်။ ကားပေါ် ကို ၆ယောက်၊ ၇ ယောက်လောက်ပစ်တင်သွားတယ်” လို့ တောင်ဖီလာရပ်ကွက်သားတစ်ဦးက DNA ကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီကနေဇူလိုင် ၇ရက်မှာ တောင်ဖီလာရပ်ကွက်၊ဂေါက်ကွင်းလမ်းထောင့်အနီး စစ်ဆေးရေးလုပ်နေစဥ် ပြည်သူကာကွယ်ရေးအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တာဟန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
” တောင်ဖီလာရပ်ကွက်၊ တောင်သာမှာဖြစ်တာ။ အဲဒီဂေါက်ကွင်းလမ်းဒေါင့်နားမှာ စစ်ကောင်စီက မကြာမကြာစစ်ဆေးရေလုပ်တယ်။ အဲဒါ PDFတွေကကြိုထောင်ထားတာနေမယ်” လို့ သူက ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ တောင်ဖီလာရပ်ကွက်အနီး တာဟန်းကင်းတဲတွေမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ လူစုနေကြပြီး ဝင်ရောက်ရှာဖွေတာတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းရပ်ကွက်တွေဟာ အကြမ်းဖက်စစ်တပ်ကို ဒေသခံ PDF တွေကလျှပ်တပြက်တိုက်ခိုက်လေ့ရှိတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။