ဒိန်းမတ်ကုန်တိုက်မှာ ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံး

Photo – Reuters
 
ဇူလိုင်လ ၃ ရက်နေ့က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်ရှိ လူစည်ကားရာဈေးဝယ်စင်တာတစ်ခုမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး တခြား ၃ ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
ညနေ ၅ နာရီ ၃၇ မိနစ်မှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲတွေက ပထမဆုံးသတင်းရရှိပြီး ၁၁ မိနစ်အကြာမှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနဲ့လူငယ် ၂ ဦး ပါဝင်ပြီး တခြားအများအပြား ဒဏ်ရာရရှိခဲ့ကာ ၃ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒိန်းမတ်နိုင်ငံမှာ သေနတ်နဲ့ အကြမ်းဖက်တယ်ဆိုတာ အတော်ရှားပါးတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ အသက် ၂၂ နှစ်အရွယ် ဒိန်းမတ်အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ကိုပင်ဟေဂင်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးမှူးက ပြောဆိုထားပါတယ်။
“ကျမတို့နိုင်ငံဟာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတစ်ခု ခံခဲ့ရပါတယ်၊ လှပပြီး လုံခြုံတဲ့ မြို့တော်ဟာ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားခဲ့ရတယ်” လို့ ဒိန်းမတ် ဝန်ကြီးချုပ် Mette Frederiksen က ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူ ၂ ဦးသေဆုံးပြီး ရဲအရာရှိ ၆ ဦး ဒဏ်ရာရရှိခဲ့တဲ့တိုက်ခိုက်မှုဟာ ဒိန်းမတ်နိုင်ငံရဲ့ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တစ်ခုလို့ သိရပါတယ်။