မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ နှမ်းခါးကျေးရွာဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မိုင်းထိပြီး အနည်းဆုံးလေးဦး သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ တောင်ခင်ရန်းကျေးရွာဘက်ကနေ နှမ်းခါးကျေးရွာဘက်ကို ထွက်လာချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ တင်သားကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး တောင်ခင်ရန်း ကျေးရွာနဲ့ သာလင်းကျေးရွာတွေကို အင်အားဖြည့်ဖို့ ထွက်လာခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
” လေးယောက်လို့ကြားထားတယ်။ ဖုန်းကဆက်ဖို့တော်တော်ခက်နေတာ။ မိတဲ့စစ်ကြောင်းကတော့ တင်သားရွာမှာ တပ်ချသွားတဲ့စစ်ကြောင်းပဲ။ မြင်သားရွာကို စစ်ကြောင်းထိုးတော့ သူတို့က တင်သားကနေ တောင်ခင်ရန်း၊သာလင်းရွာတွေကို ရွှေ့လာပြီး အင်အားလာဖြည့်တာလေ။ ဒီနေ့နှမ်းခါးဘက်သွားတာမှာ မိသွားတာပေါ့။ လေးယောက်သေတယ်လို့ကြားထားတယ်။ အတိအကျတော့မသိရသေးဘူး” လို့ နှမ်းခါးရွာနဲ့ အဆက်အသွယ်ရခဲ့တဲ့ ဂန့်ဂေါဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းမိတဲ့နေရာဟာ ကလေး – ဂန့်ဂေါကားလမ်းပေါ်မှာလို့ သိရပြီး ကလေး- ဂန့်ဂေါ ကားလမ်းဟာ စစ်အုပ်စုစစ်ကြောင်းတွေ အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာလည်း ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။