တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဇွန်လအတွင်း စစ်ဘေးရှောင်ဦးရေ ၄၀၀၀ကျော်အထိမြင့်တက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာတွေဝင်ပြီး ဒေသခံအချို့ကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံအရေအတွက်ဟာ ၄၀၀၀ ခန့်ရှိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကျေးရွာ ၁၂ ရွာက ကောက်ယူရရှိတဲ့ စာရင်းသာဖြစ်ပြီး လက်တွေ့မှာတော့ ဒီ့ထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
“လောင်းလုံးအနေနဲ့ဆိုရင်တော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူက ၄၀၀၀ ကျော်ကျော် လောက်ရှိတယ်။ ကျေးရွာအနေနဲ့ဆိုရင် ကျွန်တော်တို့ပြုစုထားတဲ့စာရင်းအရဆိုရင် ကျေးရွာ ၁၂ ရွာက ပြည်သူ ၄၀၀၀ ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒါက ကျွန်တော်တို့လက်လှမ်းမှီသလောက် စာရင်းပြုစု ထားတာပါ” လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လောင်းလုံးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ ဇွန် ၁၆ရက်ကနေစပြီး PDF စခန်းတွေ၊ အဖွဲ့ဝင်တွေ၊ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြလူငယ်တွေကို ရှာဖွေဖမ်းဆီးတာအပြင် ကျေးရွာနေအိမ်တွေကို ဖျက်ဆီးတာ၊ ဒေသခံတွေကို သတ်ဖြတ်တာတွေပါ လုပ်ခဲ့ကြတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတင်ထားပြီး လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ ချိတ်ဆက်ကာ နောက်ပိုင်းမှာ တရားမျှတမှုရဖို့ လုပ်ဆောင်ထားတယ်လို့ ​ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
ဒီကနေ့ ဇူလိုင် ၃ ရက်မှာ အကြမ်းဖက်စစ်တပ်က လောင်းလုံးမြို့နယ်၊ ကမ်းပနီကျေးရွာအနီးက PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီ PDF စခန်း သိမ်းခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။