သမုဒ္ဒရာဆိုင်ရာညီလာခံမှာ ထိုင်ဝမ် တက်ရောက်ခွင့် မရတဲ့အပေါ် ကုလကန့်ကွက်ခံရ

Photo – Reuters

ပေါ်တူဂီနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမုဒ္ဒရာဆိုင်ရာညီလာခံမှာ ထိုင်ဝမ်ကို ပါဝင်ခွင့် မပြုတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂကို ကန့်ကွက်ကြောင်း Palau နိုင်ငံကိုယ်စားလှယ်က  ဇူလိုင်လ ၁ရက်နေ့မှာ ပြောလိုက်ပါတယ်။ 

“ကုလသမဂ္ဂက ထိုင်ဝမ်ပြည်သူ ၂၃ သန်းရဲ့ အသံတွေကို ဖယ်ရှားလိုက်တယ် ၊ သူတို့ဟာ ထိုင်ဝမ်နိုင်ငံကူး လက်မှတ်တွေ ကိုင်ဆောင်ထားလို့ တက်ရောက်ခွင့်မပေးတဲ့အတွက် သူတို့ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခွင့် မရဘူး” လို့  ညီလာခံပိတ်ပွဲအခမ်းအနားမှာ Palau ကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။

သမုဒ္ဒရာဆိုင်ရာပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်က သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားပြီး တခြားနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး ကိုလည်း တားမြစ်ထားပါတယ်။ 

ဒါ့ကြောင့် ထိုင်ဝမ်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဟုတ်သလို ထိုင်ဝမ်ကိုယ်စားလှယ်တွေဟာလည်း ကုလနဲ့ ပတ်သတ်တဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်မရှိဘူးလို့ သိရပါတယ်။

တရုတ်ကိုယ်စားလှယ်ကတော့ ထိုင်ဝမ်အရေးပေါ်ပေါက်လာရတာဟာ စိတ်မကောင်းစရာဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။