အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် ထိုင်ဝမ်က ဒေါ်လာ ၁ သန်း လှူဒါန်း

Photo – Reuters

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ဇွန်လ ၂၃ရက် နှောင်ပိုင်းက ပြောပါတယ်။

လှူဒါန်းရာမှာ နိုင်ငံနယ်နိမိတ်မခွဲခြားဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိတ်ဓာတ်ကိုအခြေခံပြီ လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ထိုင်ဝမ်ဟာ သွားလာရေးလမ်းကြောင်းအခက်အခဲရှိတာ‌ကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Xavier Chang က ပြောပါတယ်။

အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းမှာ ဇွန်လ ၂၂ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် လူ ၁၀၀၀ လောက် သေဆုံးပြီး ၁၅၀၀ ခန့်ဒဏ်ရာရကာ အိမ်ခြေ ၃၀၀၀ ကျော်ခန့် ပျက်ဆီးခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ငလျင်လှုပ်ခတ်မှုထူပြောတဲ့ဇုန်မှာ တည်ရှိနေပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တခြားသဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေကိုလည်း  ကယ်ဆယ်ရေးအဖွဲ့တွေ ပုံမှန်စေလွှတ်နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ထိုင်ဝမ်ဟာ တာဝန်ရှိအဖွဲ့ဝင်ဖြစ်ကြောင်း ပြသဖို့ အမြဲစိတ်အားထက်သန်နေပြီး ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ သန်း ၃၀ ကျော် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။