စမ်းမြို့မှာ စခန်းချနေတဲ့စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အလယ်ရွာသားနှစ်ဦး ဒဏ်ရာရ

ဇွန်လ ၃၀ ရက်နေ့က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စမ်းမြို့ရွာမှာ တပ်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ယနေ့ ဇူလိူင်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး ကုန်းရွာ၊ မြင်သား၊ အလယ်ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် အလယ်ရွာက ကိုသားကြီးနှင့် ကိုရိူင်းထက်အောင်တို့ကို လက်နက်ကြီးထိမှန် ခဲ့တယ်လို့ အလယ်ရွာသားတစ်ဦးက DNA ကိုပြောပါတယ်။
” အခု ကုန်းရွာထဲမှာ စစ်သေနတ်တွေနဲ့မွှေနေတာ။ ပစ္စည်းတွေလည်းယူနေကြတယ်။ ကလေးတွေစောင့်နေတဲ့နေရာနဲ့ သူတို့လာတဲ့လမ်းကြောင်းနည်းနည်းလွဲသွားတာ။ သူတို့က ဖက်ယားဘက်ကနေကွင်းလာတာ။ လက်နက်ကြီးတွေပစ်အားကောင်းနေလို့ပါ။ အချိန်တန်ရင် သူတို့သေရမှာပါပဲ” လို့ မြင်သားရွာသားတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကုန်းရွာ၊မြင်သားဖက်ကို အင်အားအလွန်အကျွန်သုံးပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ယာယီနောက်ဆုတ်ထားတယ်လို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကုန်းရွာ၊ မြင်သား၊ အလယ်ရွာ၊ ရွာမရွာက ပြည်သူတွေဟာ တောထဲကို စစ်ဘေးရှောင်နေကြရပါတယ်။
ယနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာတော့ အကြမ်းဖက်စစ်သားတစ်ချို့ဟာ ကုန်းရွာမှာအထိုင်ချနေပြီး စစ်သားအချို့ကတော့ လူမရှိတဲ့ရွာထဲက ပစ္စည်းတွေယူဖို့ အလယ်ရွာ၊ ရွာမဘက်ကို သွားနေကြတယ်လို့သိရပါတယ်။
“ကျနော်တို့ရွာရှေ့ကနေလှမ်းကြည့်တော့ စစ်သားတွေ မြောင်းမတံတားကူးပြီး အလယ်ရွာဖက်ကိုသွားနေတာမြင်ရတယ်။ ကုန်းရွာနှင့်မြင်သားကိုတော့ သူတို့စိတ်ကြိုက် မွှေယူပြီးသွားပြီ။ အလယ်ရွာမွှေပြီးရင် ရွာမကိုဒီကောင်တွေမွှေမှာပဲ” လို့ မြစ်အနောက်ဘက်ကမ်းမှာရှိပြီး ကုန်းရွာ၊မြင်သား၊ အလယ်ရွာတို့ကို မြင်ကွင်းကောင်းကောင်းမြင်နိုင်တဲ့ သာလင်းရွာသား တစ်ဦးကဆိုပါတယ်။
မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကုန်းရွာနှင့်မြင်သားဟာ ရွာချင်းဆက်ဖြစ်ပြီး မြင်သားနဲ့ အလယ်ရွာ၊ အလယ်ရွာနဲ့ရွာမရွာတွေဟာ လမ်းခရီးအားဖြင့် ခြေလျှင်နာရီဝက်ခရီးရှိတဲ့ အကွာအဝေးမှာ ရှိပါတယ်။
(ဂန့်ဂေါမြို့မှ စစ်ရှောင်ပြည်သူများရဲ့ ပုံအဟောင်းကို အသုံးပြုထားပါသည်။)