ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မဒပ်ရွာဘက်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ရမ်းသမ်း ပစ်ခတ်တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ မင်းတပ် CDFက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဇွန်၂၉ရက် နံနက်ပိုင်းက မင်းတပ် အခြေစိုက် ခလရ (၂၇၄)တပ်က မင်းတပ်မြို့နယ် မဒပ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာရ ပြီး နံနက် ၁၁နာရီခွဲမှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့တဲ့ ၁၄နှစ်အရွယ် ကလေးရဲ့ ညီဖြစ်သူဟာလည်း အရင်က အကြမ်းဖက် စစ်အုပ်စုရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့် ခြေထောက်တစ်ဖက်ဖြတ်ထားရ သူဖြစ်တယ်လို့သိရပါတယ်။
မကွေးတိုင်း၊ထီးလင်းမြို့နယ်ဘက်ကနေ မင်းတပ်ဘက်ကို တက်လာတဲ့ အကြမ်းဖက်စစ်တပ်တွေနဲ့ မင်းတပ် CDF ကင်းအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေ အခုလို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို လုပ်ဆောင်နေတာဖြစ်တာလို့ဆိုပါတယ်။
လက်ရှိမှာ မင်းတပ် CDFနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်နေပြီး ထိခိုက်ကျဆုံး စာရင်းကို မသိရသေးဘူးလို့ သိရပါတယ်။
ပုံစာ- မင်းတပ်မြို့ရှိ ခလရ ၂၇၄ အတွင်းပိုင်းရှိလက်နက်ကြီးဆင်ထားသောနေရာနှင့်စစ်ကားများကိုအပေါ်စီးမှတွေ့ရပုံ။