စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဖောင်းကာတာကျေးရွာအုပ်စုမှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီး လမ်းပြအဖြစ်ခေါ်သွားတဲ့ ကျေးရွာသားကို သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ရုပ်အလောင်းကို ဇွန် ၂၉ ရက်က လယ်တီရွာအနောက်ဘက်၊ဆည်တည်ရွာရဲ့မြောက်ဘက်၊ဝမ်ပေါင်စီမံကိန်းရဲ့တောင်ဘက်ဆုံရာမှာ ကျေးရွာသားအချို့ကရှာတွေ့ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ရုပ်အလောင်းကိုတွေ့ရှိစဥ်မှာ ထိကိုင်လို့မရအောင်ပုပ်ပွနေတာကြောင့် ကျေးရွာသားတွေက သင်္ဂြိုလ်ပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။
“မနေ့တုန်းက ရွာက ကလေးတွေကတွေ့တာပေါ့။ဘယ်နားမှာလည်းဆိုတော့ လယ်တီအနောက်ဘက်ဘောင်ဘေးနဲ့ဆည်တည်ရွာသစ်ရဲ့မြောက်ဘက်၊ဝမ်ပေါင်စီမံကိန်းရဲ့တောင်ဘက်ပေါ့။အဲ့ဒီနေရာမှာတွေ့တာ။ကိုင်လို့တောင်မရတော့ဘူး။ပုပ်ပွနေလို့” ဒေသခံကျေးရွာသားတစ်ဦးကပြောပါတယ်။
လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခံခဲ့ရသူဟာ ဖောင်းကတာကျေးရွာအုပ်စု၊လက်ခုပ်ပင် ကျေးရွာသား ကိုဝင်းအောင်ဆိုသူဖြစ်တယ်လို့လည်း ကျေးရွာသားတွေက အတည်ပြုပြောကြားပါတယ်။
အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ ဇွန် ၂၅ရက်က၊ ကျေးရွာကိုဝင်ရောက်ပြီး ဒေသခံ ၃၆ဦးကို ဖမ်းဆီးပြီးနောက် ၃၃ဦးကို ပြန်လွှတ်ခဲ့ပါတယ်။
ကိုဝင်းအောင်အပါအဝင် ၃ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ကိုဝင်းအောင်ကို လမ်းပြအဖြစ်ဆက်လက်ခေါ်ဆောင်ပြီးနောက် အခုလို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ကျန်နှစ်ဦးထဲက ကိုစိုင်းမြတ်စိုးဆိုသူကိုလည်း အကြမ်းဖက်စစ်တပ်က ဇွန် ၂၆ ရက်မှာ ခေါင်းဖြတ်သတ်ဖြတ်ပြီး ရွာအစပ်မှာပစ်ထားခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။