ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်သားအချင်းချင်း စကားများပြီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက ခလရ ၂၇၄ အနီး ၄ မိုင်ကုန်းမှာ အကြမ်းဖက်စစ်သားတွေဟာ သောက်စားမူးယစ်ပြီးနောက် အချင်းချင်းစကားများကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ CDF-Mindat (သတင်းနှင့်ပြန်ကြားရေးဌာန) က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၉ ရက်နေ့မနက်ပိုင်းကလည်း ထီးလင်းဘက်ကတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF – Mindat တို့ဟာ ပလုံတွီရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က လေးဦးသေဆုံးခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်က ပလုံတွီရွာကို ဇွန်လ ၃၀ ရက်မှာ မီးရှို့ကြတယ်လို့ သိရပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ချင်းပြည်နယ်၊မင်းတပ်မြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ CDF-Mindatတပ်ဖွဲ့တို့ဟာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေမှာ မင်းတပ်မြို့နယ် အမှတ် ၁ ဘက်မှာလည်း အကြမ်းဖက်စစ်တပ် နဲ့ CDF-Mindat တို့ ဆက်လက်ထိတွေ့မှုတွေ ဖြစ်လာနိုင်တယ်လို့ CDF-Mindatတပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။