ပုသိမ်မြို့အဝင်ဂိတ်က ညဘက်ဖြတ်သွားသူတွေကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးငွေညှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အဝင်ဂိတ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ညဘက် ဖြတ်သန်းသွားလာတဲ့ ကား၊ ဆိုင်ကယ်နဲ့ ကုန်တင်ယာဥ်တွေကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြို့အဝင်ဂိတ် ၃ ဂိတ်အနက် စစ်ဂျင်နီယာတပ်တံဆိပ်နဲ့ ယူနီဖောင်းဝတ် စစ်သားတွေပါဝင်တဲ့ ပေါက်ကုန်းဂိတ်နဲ့ စစ်သားအိုကြီးတွေအများစု ပါဝင်တဲ့ ပုသိမ်ကြိုးတံတားဂိတ်တို့က ဖမ်းဆီးငွေညှစ်တာလို့လည်း ဆိုပါတယ်။
ဂိတ်တွေမှာစောင့်ကြပ်နေတဲ့ အကြမ်းဖက်စစ်သားတွေက ည ၇ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာသူတွေကို အချိန်မတော်ထွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး သန်းခေါင်ကျော်အချိန်ရောက်မှ အုပ်ချုပ်ရေးအဖွဲ့တွေကိုခေါ်ပြီး ပိုက်ဆံ ၂ သိန်း၊ ၃ သိန်းနဲ့လာရွေးခိုင်းတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို ဖမ်းဆီးငွေညှစ်တာအပြင် ထိပ်တုန်းခတ် ရိုက်နှက်ပြီးမှ ပြန်လွှတ်ပေးတယ်လို့လည်း ဒေသခံတွေက DNA ကို ပြောပါတယ်။
“အမှောင်ထဲက လူအုပ်စုလိုက် ထွက်လာပြီးဆိုင်ကယ်ကို ရပ်ခိုင်းတော့ ဓားပြတိုက်တယ်မှတ်တာ နောက်တော့ ဖုန်းကိုစစ်တယ် ကိုယ်မှာလည်းရှာတယ် ပြီးတော့ဖမ်းထားပြီး အိမ်ကိုဆက်သွယ် ပြီးလာခေါ်ခိုင်းတယ်” လို့ ပေါက်ကုန်းဂိတ်မှ အဖမ်းခံရပြီး ငွေ ၂ သိန်းပေးကာ ပြန်လွတ်လာတဲ့သူ တစ်ဦးက ပြောပါတယ်။
ဖုန်းထဲမှာ ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ NLD ပါတီတံဆိပ်၊ ခွပ်ဒေါင်းပုံ၊ နွေဦးတော်လှန်ရေးပုံ ၊N UG ပရိုဖိုင်တွေ တွေ့ရင်လည်း ဖမ်းဆီးထောင်ချမယ်ဆိုပြီး အကြပ်ကိုင် ငွေညှစ်တာမျိုးတွေ လုပ်တာလို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ ဂိတ် ၂ ခုမှာ ည ၇ နာရီ နောက်ပိုင်းကစပြီး ကင်းပုန်းဝပ်ပြီး ဂိတ်အနားကို ဆိုင်ကယ်တွေကားတွေ ရောက်လာမှ ရုတ်တရက် ထွက်ပေါ်လာပြီး စစ်ဆေးဖမ်း ဆီးကာ ငွေညှစ်တာ ဖြစ်တယ်လို့ ငွေညှစ်ခံသူ အချို့ထံကသိရပါတယ်။
ဒေသခံတွေကတော့ စစ်ကြောရေးစခန်းကို ရောက်ရှိသွားပါက အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ် ကြောင့် ပြန်လွတ်ရေးအတွက်ကိုအဓိကထားပြီး ငွေညှစ်တာကို မပေးလိုပေမယ့် ပေးနေကြရတယ်လို့ ငွေညစ်အတောင်းခံရသူ အချို့ကပြောပါတယ်။
ပုသိမ်မြို့အဝင်ဂိတ် တွေကတော့ ပုသိမ် -မုံရွာ- ရေဦးလမ်းမကြီးပေါ်ရှိ ကိုးဆူရွာစစ်ဆေးရေးဂိတ်၊ ပုသိမ် ချောင်းသာကားလမ်းပေါ်ရှိ ပုသိမ်ကြိုး တံတား စစ်​ဆေးဂိတ် နဲ့ ပုသိမ် ငပုတောလမ်းပေါ်ရှိ ပေါက်ကုန်းရွာ စစ်ဆေးရေးဂိတ်တို့ဖြစ်ပါတယ်။