တီးတိန်မြို့က လူမှုရေးအသင်းခေါင်းဆောင် နှစ်ဦးကို စစ်တပ်က ဖမ်းဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့က Shalom Youth Committee လူမူရေးအသင်း ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုမွန့်လျန်ခမ်း နဲ့ ကိုလျန်းရှန်းမုန် ကို ဇွန် ၂၇ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
လူမှုရေးအသင်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုမွန်းလျန်ခမ်း နဲ့ ကိုလျန်ရှန်းမုန် တို့နှစ်ဦးဟာ PDF-Zoland ရဲ့သတိပေးထုတ်ပြန်စာကို အများပြည်သူသိအောင် လော်စပီကာနဲ့ ကြေငြာတဲ့အတွက် စစ်အုပ်စုက ဖမ်းဆီးသွားတာလို့ သိရပါတယ်။
“ဟုတ်တယ်၊ဟုတ်တယ်၊ လွယ်ဘွဲ့ရပ်ကွက်က Shalom Youth Commite လူမှုရေးအသင်းဆိုပြီးရှိတယ်။ နာရေးတွေ၊ မတော်တဆမူတွေ၊ သွေးလိုအပ်တာတွေကို ကူညီနေတဲ့အသင်းပါ။ သူတို့က လူမှုရေးနဲ့ပတ်သက်ပြီး လော်စပီကာနဲ့အော်နေကျပဲဗျ။
ဘယ်နေရာမှာaccident ဖြစ်နေတယ်သွားကူကြဖို့ဘယ်သူအားသလဲ။ ဘယ်သွေးလိုနေတယ် ဘယ်သူလှူမလဲ။ ဘယ်အိမ်မှာနာရေးရှိတယ်ဆိုတာမျိုးပေါ့။ ခုလည်း သူတို့က PDF- Zoland ရဲ့ထုတ်ပြန်ချက်ကို ရပ်ကွက်ထဲမှာ လှည့်ကြေငြာတာတော့မဟုတ်ဘူး။ ကွက်ကြားကြေငြာတာပေါ့။ ကြေငြာတဲ့သူတွေက ပါစတာဆရာသောင်ပီးနဲ့ မွန့်လျန်ခမ်းပေါ့။ သူတို့နှစ်ယောက်ကို မနေ့ကဖမ်းသွားတယ်” လို့ တီးတိမ်မြို့ခံတစ်ဦးကဆိုပါတယ်။
PDF-Zoland ရဲ့ သတိပေးထုတ်ပြန်စာမှာ အကြမ်းဖက်စစ်အုပ်စု ဦးဆောင်ဖွင့်တဲ့ကျောင်းမှာ ပူးပေါင်းဆောင်ရွက် ကျောင်းတက်နေတဲ့ Non-CDM ပညာရေးဝန်ထမ်းတွေ ၊ ကျောင်းသားမိဘတွေကို သတိပေးထားတာ ဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ အသိပေးအကြောင်းကြားတဲ့ စာဖြစ်ပါတယ်။
” သူတို့မှမဟုတ်ပါဘူး တော်တော်များများက ကျောင်းမတက်ဖို့ပြောနေကြတာပါပဲ။ ကိုယ့်နီးစပ်ရာဝန်းကျင်၊ အဖွဲ့အစည်းမှာပြောနေကြတာပါပဲ။ Zoland-PDF ကထုတ်ပြန်ပြီးတော့ မနေ့ကစပေါ့ (ဇွန်၂၇) ကျောင်းတော်တော်ပျက်ကြတယ် ၊ မတက်ကြတော့ဘူး။ မလိုက်နာရင်တော့ သူတို့တကယ်လုပ်လောက်တယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။