ဟင်္သာတ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့က အဖွဲ့ဝင်တဦး နှုတ်ထွက်

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ရဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင် စာရင်းပေါက်ကြားလာပြီး နောက်မှာ အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းဇော်ဟာ နှုတ်ထွက်စာတင်ခဲ့တယ်လို့ သူ့ရဲ့ မိသားစုဝင်တဦးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“အဖွဲ့ဖွဲ့စဉ်အခါကလဲ မျက်လုံးဆေးပြနဲ့ ပြည်ပသို့ရောက်နေတာပါ (လုံးဝ လုံးဝမသိရှိခဲ့ပါ)နှုတ်ထွက်အကြောင်းကြားစာကိုလည်း ခရိုင်ရုံးသို့ပို့ပြီးပါပြီ။
ကျတော်ဖေဖေကြောင့် တစုံတဦးဘယ်သောအခါမှဒုက္ခမရောက်ခဲ့ဖူးပါ။ဒီကိစ္စဟာ ကျတော်မိသားစုလုံခြုံရေးကို အများကြီးစိုးရိမ်ပူပန်စေရပါတယ်” လို့ သူ့ရဲ့ သားဖြစ်သူက ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဟင်္သာတမြို့နယ်ရဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ကို ဇွန်လ ၂၂ ရက်နေ့က စပြီး အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းခဲ့ပြီး ဗိုလ်မှူးကျော်စွာထွန်းက အဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွဋ်အောင်က ဒုဥက္ကဌအဖြစ်တာဝန်ယူထားတာကို တွေ့ရပါတယ်။
အခု အဖွဲ့ဝင်အဖြစ်က ထွက်စာတင်ခဲ့တယ်ဆိုတဲ့ ဦးဝင်းဇော်ဟာ မြို့မိမြို့ဖ အဖြစ်အဖွဲ့ဝင်စာရင်းထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပြီး သူဟာ ဟင်္သာတမြို့ရဲ့ မိသားစုရွှေဆိုင် နဲ့ မိသားစုဟိုတယ်ပိုင်ရှင် လုပ်ငန်းရှင် တဦးဖြစ်ပါတယ်။