အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ကရင်နီပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ကာ အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်တဲ့အထိ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ အဲဒီလိုဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာလုယူဖို့ကြိုးပမ်းမှုကို ကရင်နီပြည်သူတစ်ရပ်လုံးက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ခုခံတော်လှန်နေတာကို လေးစားဂုဏ်ယူကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ကရင်နီပြည်သူလူထုရဲ့ ကြိုးပမ်းမှုလျင်မြန်စွာပြီး မြောက် အောင်မြင်ပါစေကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ကရင်နီပြည်သူများစွာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရက်စက်မှုကြောင့် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာခဲ့တဲ့ မြေယာ၊အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝနဲ့ ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရတာကို စာနာနားလည်ကြောင်းလည်း ဖော်ပြပါတယ်။