ကလေးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုများလာနေ

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“လိုင်မီးဆိုင်တွေက သူတို့အတွက် ဂျက်ကာဖြစ်နေတာ။ ကျနော်လိုင်မီး ဆိုင်တွေမှာသောက်လာတာ နှစ်နှစ်ဆယ်ကျော်ပါပြီ။ ခုလိုချိန်လောက်ဆေးသမားတွေပေါတာမတွေ့ဖူးပါဘူး။” လို့ အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောပါတယ်။
မူးယစ်ဆေးသုံးစွဲသူအများစုဟာ ကလေးမြို့က လိုင်မီးအရက်ဆိုင် အိမ်သာထဲတွေမှာ သုံးစွဲလေ့ရှိကြတာကြောင့် လိုင်မီးအရက်ဆိုင်တွေဟာ အိမ်သာတွေကိုသော့ခတ်ထားရတယ်လို့ လိုင်မီးဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
” အရက်သမားဆိုတာက မူးအောင်သောက်တာ။ မူးယစ်ဆေးသုံးတဲ့သူတွေက ဘယ်တော့မှ များများ မသောက်ဘူး။ သုံးရာဖိုး၊ငါးရာဖိုး လောက်မှာပြီး မိူင်းနေတော့တာ။ သူတို့ လုပ်ချင်ရင် အိမ်သာသွားသလိုလိုနဲ့ အိမ်သာထဲမှာ လုပ်တော့တာ ။ ဒါကြောင့် အိမ်သာတက်ခွင့်မပြုနိုင်တော့ဘူး။ သော့ခတ်ထားတော့တာ” လို့ လိုင်မီးဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
လိုင်မီး ဆိုတာ ချင်းဘာသာနဲ့ ဆန်အရက်ကို ခေါ်တာဖြစ်ပြီး ကလေးမြို့ရက်ကွက်တွေမှာ တစ်ရပ်ကွက်ကို သုံးဆိုင်လောက်ရှိတဲ့ အိမ်အရက်ဆိုင်တွေဖြစ်ပါတယ်။
အခုလို မူးယစ်ဆေးဝါးသုံးစွဲသူတွေ များပြားလာတာဟာ ကလေးမြို့ဟာ အိန္ဒိယနယ်စပ်နဲ့ နီးတာကြောင့် မူးယစ်ဆေးအလွယ်တကူရရှိနိုင်တဲ့နေရာဖြစ်နေပြီး အနဲဆုံး ငွေကျပ် တစ်ထောင်ကနေစပြီးဝယ်လို့ရတယ်လို့ မူးယစ်ဆေးသုံးစွဲသူတွေဆီက သိရပါတယ်။
” အရင်ကတော့မလွယ်ဘူးဗျ။ ခုချိန်တော့ တစ်ထောင်နှစ်ထောင်ဆိုရင်တောင်ရပြီ။ သုံးနိုင်တဲ့နေရာကလည်း ဘယ်နေရာသုံးသုံးရတယ်ဗျ။ အေးဆေးပဲ” လို့ မူးယစ်ဆေး ကိုယ်တိုင်သုံးစွဲနေသူ တစ်ဦးက ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေကတော့ စိုးမိုးထားတဲ့ နယ်မြေတွေမှာ မူးယစ်ဆေးသုံးစွဲ၊ရောင်းဝယ်သူတွေကို ဖမ်းဆီးသတိပေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးမြို့မှာ ဆိုင်ကယ်ခိုးယူမှုတွေဟာလည်း များပြားလာပြီး နေ့စဥ်ဆိုသလို ခိုးယူခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဆိုင်ကယ်ခိုးခံရတာတော့ နေ့စဥ်ရှိနေတာပဲ။ လိုင်းပေါ်မှာလည်းနေ့စဥ်တက်နေတာပဲ။ ဘုရားကျောင်းဘေး ရပ်ထားတဲ့ဆိုင်ကယ်ကိုခိုးတယ်။ လမ်းဘေးရပ်ပြီး ပန်းရံလုပ်နေတဲ့ ပန်းရံသူမလေးဆိုင်ကယ်က အစ နောက်ဆုံး အိမ်ထိဝင်ခိုးတယ်” လို့မြို့ခံတစ်ဦးကပြောပါတယ်။
ဆိုင်ကယ်ခိုးယူသူတွေဟာ ဆိုင်ကယ်အဟောင်းကအစ ခိုးယူနေတာကြောင့် အခုလိုဆိုင်ကယ်ခိုးယူမှုတွေဟာ မူးယစ်ဆေးသုံးစွဲသူအချို့က လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ အကြမ်းဖက်စစ်အုပ်စုက ဒေသခံတွေကို သတ်ဖြတ် ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် တဖက်မှာလည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
(ပုံစာ- ကလေးမြို့က အရက်ဆိုင်တဆိုင်မှာ မူးယစ်ဆေးဝါး မသုံးစွဲဖို့ သတိပေးဆိုင်းဘုတ်ချိတ်ဆွဲထားပုံ)