အိန္ဒိယရောက် မြန်မာစစ်ရှောင်အားလုံးနီးပါးကို မီဇိုရမ်ပြည်နယ်က ဒုက္ခသည်ကတ် ထုတ်ပေးပြီးဖြစ်

အိန္ဒိယရောက် မြန်မာစစ်ဘေးဒုက္ခသည်အားလုံးနီးပါးကို မီဇိုရမ်ပြည်နယ်က ဒုက္ခသည်အသိအမှတ်ပြု ကတ် (ID) ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသနဲ့ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ စစ်ဘေးရှောင်အား လုံးရဲ့ ၉၉ရာခိုင်နှုန်းကျော်ကို ID ကတ်ထုတ်ပေးပြီးဖြစ်တယ်လို့ VOA ကဖော်ပြပါတယ်။
မီဇိုရမ်ပြည်ထဲရေးဝန်ကြီး ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့ High-Level Committee on Myanmar refugees အဖွဲ့ ရဲ့ ဇွန်လ စာရင်းအရ မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၂၉,၉၀၀ကျော်ရှိပြီး ၂၉,၇၀၀ကျော်ကို ID ကတ်ပြား ထုတ်ပေးပြီးဖြစ်လို့ ဒေသထုတ် The Aizawl Post သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။
High-Level Committee on Myanmar refugee အဖွဲ့က လက်ရှိ မီဇိုရမ်ပြည်နယ် ခရိုင် ၆ ခုမှာ စစ်ဘေးရှောင်စခန်း(၁၄၉) ခုရှိ ပြီး စခန်းနေစစ်ဘေးရှောင် ၁၁၈၀၀ ကျော်ရှိကာ စခန်းပြင်ပနေ ၁၈၁၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ချင်းလူ့အခွင့်အဖဖွဲ့ရဲ့မှတ်တမ်းအရ ဒီထက်ပိုများတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ Za Uk ling ကပြောကြောင်း VOA ကဖော်ပြပါတယ်။
လက်ရှိမီဇိုရမ်ပြည်နယ်ရောက်စစ်ရှောင်တွေကို ပြည်နယ်အစိုးရကနေ ကူညီစောင့်ရှောက်ပေးနေတယ်လို့လည်းသိရပါတယ်။