Alopecia ဆံပင်ကျွတ်ထိပ်‌ပြောင် ရောဂါကုသမှုအတွက် ပထမဆုံးဆေးကို အမေရိကန် FDA အတည်ပြု

Photo – AFP

အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က  ပြင်းထန်တဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ထိပ်‌ပြောင် ရောဂါကိုကုသဖို့အတွက် ဆံပင်ပြန်ပေါက်စေတဲ့ ပထမဆုံးသောက်ဆေးအဖြစ် baricitinib လို့ ခေါ်တဲ့ ဆေးတစ်မျိုးကို ဇွန်လ ၁၃ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

Alopecia ဟာ ယာယီ ဒါမှမဟုတ် အမြဲတမ်း ဆံပင်ကျွတ်တာကို ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ဆံပင်ပေါက်တဲ့ဘယ်နေရာကိုမဆို ထိခိုက်နိုင်ကာ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါဟာ ဟောလိဝုဒ်မင်းသမီး Jada Pinkett Smith နဲ့လွှတ်တော်အမတ် Ayanna Pressley တို့ အပါအဝင် အမေရိကန်မှာ နှစ်စဉ် လူ ၃သိန်းကျော် ဖြစ်ပွားနေတာဖြစ်ပါတယ်။

“ပြင်းထန်တဲ့ alopecia ရောဂါခံစားနေရတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် ဘေးကင်းပြီးထိရောက်တဲ့ ကုသမှုရွေးချယ်ခွင့်တွေရရှိရေးဟာ အရေးကြီးပါတယ်” လို့ FDA မှအရာရှိ Kendall Marcus က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ခွင့်ပြုချက်ဟာ ပြင်းထန်တဲ့ Alopecia ရောဂါရှိနေတဲ့ လူနာတွေအတွက် သိသာထင်ရှားတဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။  Baricitinib ကို အမေရိကန်ဆေးဝါးကုမ္ပဏီ Eli Lilly မှ ထုတ်လုပ်ပြီး ရောင်ရမ်းတာကို ဖြစ်စေတဲ့ ဆဲလ်လမ်းကြောင်းကို တားဆီးပေးတယ်လို့ သိရပါတယ်။