မြောက်ကိုရီးယားက ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် နျူဆိုင်ရာညှိနှိုင်းရေးမှူးခန့်အပ်

Photo – Reuters

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိပ်တန်းနျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးကို ခန့်အပ်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ ၁၀ရက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင်ဦးစီးကျင်းပတဲ့  ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ သံတမန် Choe Son Hui ကို  ခန့်အပ်လိုက်တာလို့ စိုးရပိုင်မီဒီယာဖြစ်တဲ့ KCNA မှာ ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖီဆန်တဲ့အနေနဲ့ မြောက်ကိုရီးယားက သူ့ရဲ့ လက်နက်စမ်းသပ်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် အရှိန်မြှင့် လုပ်ဆောင်နေတာပါ။ ပြုံယမ်းဟာ နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်ရဲ့သတိပေးချက်တွေ ထွက်ပေါ်လာချိန် အခုလို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဇွန်လ ၁၁ရက်နေ့ကကျင်းပတဲ့  စုံညီအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့နျူကလီးယားစွမ်းရည်၊ ဒုံးကျည်စမ်းသပ်မှု၊ အမေရိကန် -တောင်ကိုရီးယား အကြောင်း ဖော်ပြထားတာ မရှိပါဘူး၊ ဒါပေမယ့် ကင်မ်ဂျုံအွန်းက နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ တစ်လက်မမှ မပေးဘူးဆိုတဲ့ “ပါဝါမှအာဏာ” မူကို ထပ်လောင်းအခိုင်အမာဆိုခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် Choe ဟာ မြောက်ကိုရီးယားဝန်ကြီးချုပ်ဟောင်း Choe Yong Rim ရဲ့ သမီးဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ အမေရိကန်နဲ့မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လက သူမရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာ တောင်ကိုးရီးယားနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပါအဝင် မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။