ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ အမြောက်အမြား လာရောက်ခိုလှုံနေကြတဲ့ရွာထဲ အကြမ်းဖက်စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ၂ ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စုထဲက ရွာတစ်ရွာကို ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်က ဇွန်လ ၁၀ ရက်နေ့ည ၉ နာရီလောက်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အိပ်မောကျနေတဲ့ ဦးကိုရီ (၅၄နှစ်) ပွဲချင်းသေဆုံးကာ အသက် (၅) နှစ်အရွယ်ကလေး (၁) ဦး၊ အသက် (၁၈) နှစ်အရွယ်သမီး (၁) ဦးနဲ့ ကျောင်းလာတက်တဲ့ အသက်(၁၅)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။
ရွာထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့အတွက် ဒေသခံတွေဟာ ညတွင်းချင်း တခြားရပ်ရွာဆီ တိမ်းရှောင်ခဲ့ရပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၀၈)ဦး လောက် သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။