စစ်တပ်ထုတ်ကုန် ရောင်းတယ်ဆိုတဲ့ Club Barကို စမ်းချောင်း PDF က ဗုံးခွဲ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ပဒုမ္မာလမ်းမှာရှိတဲ့ Club Barကို PDF Sanchaungက ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၁၀ရက်၊ ညနေ ၆နာရီကျော်အချိန်မှာ စမ်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFက ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ထုတ်ကုန်တွေ ရောင်းချနေတာကြောင့်နဲ့ လာရောက်ပျော်ပါးနေကြသူတွေကိုလည်း သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာဖြစ်တယ်လို့လည်း PDF Sanchaungက ထုတ်ပြန်ပါတယ်။
PDF Sanchaung အနေနဲ့ အခုလို သတိပေးဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့ပေမယ့် လမ်းအတွင်းမှာရှိတဲ့ အများပြည်သူတွေကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် ထိခိုက်မှုနည်းပါးတဲ့နေရာမှာပဲ ဖောက်ခွဲခဲ့လို့ ဆိုပါတယ်။
နောက်ပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ထုတ်ကုန်တွေ ရောင်းချနေတဲ့ဆိုင်တွေကို အဓိက တိုက်ခိုက်သွားမယ်လို့လည်း PDF Sanchaung ထုတ်ပြန်ချက်မှာ ဆိုထားပါသေးတယ်။
ပဒုမ္မာလမ်းဟာဆိုရင် စားသောက်ဆိုင်တွေ၊Barတွေနဲ့တရားမဝင်အနှိပ်ခန်းတွေ ဖွင့်လှစ်မှု အများဆုံးရှိနေတဲ့ လမ်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ဒီပဒုမ္မာလမ်းက အရမ်းလူစည်တဲ့လမ်း။နောက် ဒီလမ်းမှာဆိုရင် Bar တွေ၊ ဘီယာဆိုင်တွေ၊ မာဆတ်တွေအစုံပဲ။ ပြောရရင် အပျော်အပါးတွေနဲ့ ပတ်သက်တာမှန်သမျှ ဒီလမ်းမှာရှိနေတာ။ အခုအချိန်မှာ နိုင်ငံအတွက် အသက်ပေး တိုက်ခိုက်နေတဲ့ သူတွေက အသက်ပေးပြီးတိုက်တယ်။ဒီလမ်းထဲကဆိုင်တွေမှာတော့ လွတ်လပ်ရေးရနေသလားတောင်ထင်ရတယ်။အဲ့တော့ အခုလို သတိပေး ဖောက်ခွဲတာမျိုး လုပ်တာကို ထွေထွေထူးထူးမပြောချင်ဘူး။လုပ်ငန်းရှင်တွေကိုလည်း အားနာတယ်။မတက်နိုင်ဘူးပြောရမှာဘဲ။”လို့ စမ်းချောင်းဒေသခံတစ်ဦးက DNAကိုပြောပါတယ်။
အခုလို တရားမဝင်အနှိပ်ခန်းတွေ၊အခုလိုကာလမှာ Barတွေ၊စားသောက်ဆိုင်တွေဖွင့်လှစ်နိုင်ဖို့အတွက် ဆိုင်ပိုင်ရှင်အများစုက အကြမ်းစစ်အုပ်စုတွေဆီကို လစဥ်လိုင်းကြေးပေးရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။