မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကျွဲနန်းရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနှစ်ခုတို့ဟာ စစ်ဘေးရှောင်စခန်းတွေဆီပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းနှစ်ခုဟာ ဒေသခံကျေးရွာတွေကိုပစ်မှတ်ထားနေကြတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပြန်လည်တုန့်ပြန်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံ PDF ခေါင်းဆောင် တစ်ဦးက DNA ကို ပြောပါတယ်။
“သူတို့ပစ်မှတ်ထားတာက သာခေါင်း၊ ရှည်းရှည်ရွာနဲ့ ပြီးခဲ့တဲ့နှစ်လက မြောက်ခင်ရန်း ပျူရွာကနေ ကယ်ထုတ်လာတဲ့ သူတွေနေရာကိုဗျ ။ ကျနော်တို့လည်းတုန့်ပြန်ဖို့ တတ်နိုင်သမျှ ဆောင်ရွက်နေပါတယ်” လို့ PDF ခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ ဒုက္ခသည် စခန်းတွေကို တောနင်းရှာဖွေမယ့် အခြေအနေတွေရှိနိုင်တယ်၊ “ခုစစ်ကြောင်းနှစ်ကြောင်းက ရှည်းရှည်မှာဆုံမယ်ထင်တယ်။ ဒုက္ခသည်စခန်းတွေကို တောနင်းမယ့်သဘောရှိတယ်။” လို့ သူက ဆက်ပြောပါတယ်။
ရှည်းရှည်ရွာဟာ ကန်ရွာနဲ့နှစ်မိုင်ခွဲခန့်သာဝေးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကန်ရွာမှာ စခန်းချနေတဲ့ စစ်ကြောင်းဟာ ရွာခံအိမ်တွေက ပစ္စည်းတွေကို စိတ်ကြိုက်ယူဆောင်ခဲ့တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။