ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဒီကနေ့ ဇွန်လ ၁၀ရက် မနက် ၉နာရီ အချိန်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
အခုဗုံးဖောက်ခွဲမှုဟာ ရန်ကုန်မြို့ရဲ့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Toxic Boys အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ပြင်းထန်တာကြောင့် ရဲစခန်းအနီးက မြေကြီးတွေတုန်ခါတဲ့အထိဖြစ်ခဲ့တယ်လို့ ထောက်ကြန့်လမ်းဆုံအနီး စျေးရောင်းချသူတစ်ဦးက DNAကိုပြောပါတယ်။
“အုန်းခနဲဆို ပေါက်ကွဲတာ။မြေကြီးတွေတောင်တုန်တယ်။အစ်မဆို အရှေ့ကစျေးဝယ်သူကို စျေးရောင်းနေတုန်း ပေါက်တာဆိုတော့ အရမ်းလန့်သွားတာ။အခုထိ ရင်တွေတောင် တုန်နေတုန်း။”လို့ ပြောပါတယ်။
လက်တလောမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိ မရှိ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
“အခုအထိတော့ ထိခိုက်တဲ့သူရှိတယ်ဆိုတာမျိုးတော့ မကြားရသေးဘူး။ပြင်းတာတော့ တော်တော်လေးကို ပြင်းတာ။ကားစီးဖို့စောင့်နေတဲ့သူတွေဆိုရင် တချို့ကြောက်ပြီး ထွက်ပြေးကြတာ”လို့ ထောက်ကြန့်လမ်းဆုံအနီး စျေးရောင်းချသူက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထောက်ကြန့်လမ်းဆုံက တချို့စျေးဆိုင်တွေဟာ ယာယီပိတ်သိမ်းခဲ့ပြီး အခြေအနေ ပြန်လည်တည်ငြိမ်မှသာ ပြန်ဖွင့်ကြတယ်လို့လည်းဆိုပါတယ်။
“ရန်ကုန်မြို့သို့ အလည်အပတ်ရောက်ရှိလာသော မအလကြင်စိုးအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျတော်တို့ Toxic Boys အဖွဲ့၏ ပထမဆုံး Mission အား ယနေ့နံနက် ၉ နာရီ အချိန်၌ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်ရဲစခန်း ဗုံးဖောက်ခွဲခြင်းဖြင့် စတင်ဖွင့်လှစ်လိုက်သည် ။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့ဝင်တွေလည်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့ကို ဇွန် ၉ရက် မနက်ပိုင်းက ရောက်ရှိလာပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကျင်းပရာနေရာ၊မှော်ဘီအမျိုးသမီး ဗိုလ်လောင်း သင်တန်းကျောင်းတွေအပြင် ရန်ကုန်-ဒလတံတား စီမံကိန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် မြို့အနှံ့လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ် ချထားတာတွေအပြင် ရန်ကုန်-ဒလ၊ဆိပ်ကြီးခနောင်တိုတို့ကို သွားလာနိုင်တဲ့ သင်္ဘောဆိပ်နဲ့သမ္ဗာန်ဆိပ်တွေကိုပါ ပိတ်ထားခဲ့တာပါ။
အခုလို လုံခြုံရေးတင်းကြပ်နေတဲ့ကြားကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သာကေတ၊ မြောက်ဥက္ကလာ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာတို့မှာလည်း ဇွန် ၉ရက် ညပိုင်းက ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။