အင်းသူကြီးသား အသတ်ခံရမှု​ကြောင့် ဒေသခံ ၃၀နီးပါးအဖမ်းခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ခွား​လေးကျွန်းရွာက ရာဇူဒိုင်အင်းသူကြီးရဲ့သား နိုင်ဦး ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က တစ်ပါတ်အတွင်း ဒေသခံ ၃၀ နီးပါးအဖမ်းခံထားရတယ်လို့ သိရပါတယ်။

ပန်းပင်စုရွာနဲ့ ခွားလေးကျွန်းရွာက ဒေသခံတွေဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရသူအများစုဟာ  NLD ပါတီဝင်တွေ နဲ့ ပါတီကိုဝန်းရံထောက်ခံသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နိုင်ဦးက ပျူစောထီး ခေါင်းဆောင် ။သတင်းပေးပါ  ။ခရိုင်ဥက္ကဌက ဖိအားပေးလို့ မဆိုင်တဲ့သူတွေကို ရဲက စွပ်ဖမ်းနေတာ”လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက DNAကို ပြောပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နဲ့ နီးစပ်တဲ့ တပည့် တစ်ယောက်ဖြစ်တာကြောင့် မအူပင်ခရိုင် ဥက္ကဌက ပစ်သတ်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဖိအားပေးထားတယ်လို့ ရဲတပ်ဖွဲ့ဝင်အချို့ဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို လက်ရှိမှာ မအူပင်ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဖမ်းဆီးခံရသူတွေထဲက  မိသားစုဝင်က ပြောပါတယ်။

“အဖမ်းခံရတဲ့သူတွေနဲ့ တွေ့ခွင့်မရသေးဘူး။မအူပင်ရဲစခန်း မှာ ချုပ်ထားတယ်လို့တော့သိရတယ် “လို့  မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ပျူစောထီးနဲ့ ရာဇူဒိုင်လူမိုက်အဖွဲ့ခေါင်းဆောင်သတင်းပေးဆိုသူ နိုင်ဦးကို ရာဇူဒိုင်အင်း အတွင်းက သူ့ရဲ့တဲအိမ်မှာ မေလ ၃၀ ရက်နေ့ ညက အမည်မသိ လူတစ်စု စက်လှေနဲ့ ရောက်လာပြီး ပစ်သတ်သွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းသူကြီးရဲ့သားဟာ လူမိုက်တွေမွေးပြီး ဒေသခံတွေအပေါ် အနိုင်ကျင့်ပြီး သတင်းမှားတွေပေးတာကြောင့် ဒေသခံ ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့  မအူပင်သေမင်းလက်ယာအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။