ဧရာဝတီတိုင်း၊ ထူးကြီးမြို့၊ အလယ်စုကျေးရွာနဲ့ သရက်တောကျေးရွာအကြားမှာ ဒီနေ့ညနေ ၄ နာရီခန့်က နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ပစ်ကြတာတော့ ၂ ဖက်ပစ်ကြတာ၊ သေနတ်သံတွေ တော်တော်များတယ်။ လူငယ်နှစ်ဦး သေတယ် ၊ ထူးကြီးမှာ ဒလန်ရှင်းခဲ့တဲ့သူတွေလို့လည်း သိရတယ်”လို့ ဒေသခံက ပြောတာပါ။
DNA က ဒေသခံလက်နက်ကိုင်အဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာ ဧရာနဂါးညီနောင်အဖွဲ့ကတော့ ဒလန်ရှင်းတဲ့ စစ်ဆင်ရေးကို စွန်ရဲနီအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကျဆုံးသွားတဲ့ လူငယ်တွေဟာ စွန်ရဲနီအဖွဲ့ကလို့ အတည်ပြုပေးပါတယ်။ DNA က အဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်အတည်ပြုဖို့ ကြိုးစားရမှာ အဆက်အသွယ် မရသေးပါဘူး။
ဒလန်ရှင်းတာ လုပ်အပြီး ဆိုင်ကယ်နဲ့အပြန်မှာ ဆိုင်ကယ်ချိန်းကြိုးပြတ်သွားတဲ့အတွက် လမ်းလျှောက်အသွားမှာ လုံခြုံရေးအဖွဲ့တွေနဲ့ ထိတွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့လည်း စွန်ရဲနီအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက ထူးကြီးမြို့ အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းကို ရုံးအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သုံးချက်ထိမှန်ပြီး အရေးပေါ်လူနာအဖြစ် ဟင်္သာတခရိုင်ကြီးကို ပို့ဆောင်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်အပြီး အကြမ်းဖက်စစ်အုပ်စုက နယ်မြေတခုလုံးကို ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ပြီးနောက် အခုလို အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး လူငယ်နှစ်ဦးကျဆုံးခဲ့ရတာပါ။