မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရဘက်က ပြန်လည်ဖွင့်လှစ် #မဏိပူရ

မဏိပူရပြည်နယ် အစိုးရက မြန်မာ-အိန္ဒိယနှစ်နိုင်ငံရဲ့ မိုရေး နယ်စပ်ဂိတ် အမှတ် ၁ နဲ့ ၂ ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၄ ရက်နေ့ နေ့စွဲထုတ်ပြန်ခဲ့တဲ့ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ကြောင်း ကြေညာချက်မှာတော့ နှစ်နိုင်ငံအကြား ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းတွေ ညှိနှိုင်းပြီး ပြန်လည် ဖွင့်လှစ်သွားမယ်ဆိုပြီး ရေးသားထားပါတယ်။
ဒါပေမယ့် မြန်မာဘက်မှာ ရှိနေတဲ့ အကြမ်းဖက်စစ်တပ်ဘက်ကတော့ အမှတ် ၁ ဂိတ်ကိုပဲ ဖွင့်ထားပြီး ဂိတ် ၂ကို ဖွင့်ပေးတာမျိုး မရှိသေးဘူးလို့ တမူးမြို့ခံတဦးကပြောပါတယ်။
“အိန္ဒိယဘက်ကတော့ လွတ်လွတ်လပ်လပ် ပြန်ဖွင့်ပေးတယ် ။ မြန်မာဘက်ကိုကျ သွားရင် စစ်ခွေးရော ၊ ရဲခွေးရော အကုန်ပိုက်ဆံပေးရတာပဲလို့” ပြောပါတယ်။
တခြားမြို့ခံတဦးကလည်း ဂိတ်က ပြန်ဖွင့်တယ်ဆိုပေမယ့်လည်း မှောင်ခိုကူးရတာနဲ့ မထူးပဲ ပိုက်ဆံပေးပြီး ကုန်ကူးနေရတယ်လို့ မှတ်ချက်ပေးပါတယ် ။
မြန်မာ ၊အိန္ဒိယ နယ်စပ်ဂိတ်တွေကို ကိုဗစ်ကူးစက်မြန်ရောဂါကြောင့် ၂၀၂၀ ဇွန်လကုန်ကတည်း ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။