အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့တဲ့ ရှားဖိုကျေးရွာမှာ မီးလောင်ပြင်ထဲက ဦးခေါင်းရိုးခွံတွေတွေ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ရှားဖို့ကျေးရွာမှာ ဧပြီလ ၂၈ ကနေ မေလ ၂ အတွင်း ဒေသခံ PDF တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်က ရွာကိုမီးရှို့ခဲ့အပြီး တလနီးပါးအကြာ ရွာသားအချို့ ရွာကိုပြန်ပြီးရောက်လာချိန်မှာ ရွာမီးလောင်ပြင်ထဲမှာ လူဦးခေါင်းခွံတွေ တွေ့ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ဟုတ်တယ်ဗျ တစ်ချို့အိမ်တွေက ဦးခေါင်းခွံနှစ်လုံး၊ တစ်ချို့သုံးလေးလုံး၊ အများဆုံးတွေ့ရတာကတော့ ခုနစ်လုံးထိပဲ။ ဦးခေါင်းခွံတွေက လောင်မှမလောင်တာ။ အိမ်ကိုမီးရိူ့ပြီး အလောင်းတွေ ပစ်တင်သွားပုံရတယ်။ ကျန်တဲ့အလောင်းတွေကိုတော့ ဖောကားနဲ့ တိုက်သွားတယ်ကြားတယ်” ဟု ရှားဖိုရွာသားတစ်ဦးက ပြောပါတယ်။
ဒေသခံရွာသားတွေကတော့ အခုတွေ့ရတဲ့ဦးခေါင်းခွံတွေဟာ ရွာတွင်းမှာ ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ သေခဲ့တဲ့အကြမ်းဖက်စစ်သားတွေရဲ့ အလောင်းတွေ ဖြစ်ပုံရတယ်လို့ သုံးသပ်ပါတယ်။ အင်တာနက်လိုင်းတွေဖြတ်ထားလို့ ဓာတ်ပုံတွေရဖို့ အခက်အခဲရှိပြီး DNA အနေနဲ့ ရွာကိုပြန်ရောက်နေသည့် ရွာသားတချို့ဆီကနေ ဖုန်းဆက်ပြီး အတည်ပြုချက် တောင်းခံခဲ့ပါတယ်။
“ခုအိမ် မီးလောင်ပြင်တစ်ချို့မှာတွေ့ရတဲ့ အရိုးတွေဟာ သူတို့အရိုးတွေပဲ။ အိမ်တွေကိုမီးရိူ့ရင်း သူတို့ဘက်ကသေတဲ့အလောင်းတွေပါ တစ်ခါတည်းရှို့ခဲ့တာ” လို့ အသက် ၄၀ အရွယ် ရှားဖိုရွာသူတဦးက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီး တလလောက်ကြာတဲ့အထိ ရွာသူရွာသားတွေဟာ စစ်ရှောင်နေရစဲဖြစ်ပြီး ၊ အချို့သာ နယ်မြအနေအထားကို လေ့လာအကဲခတ်ဖို့ ပြန်ရောက်လာကြတာလို့ သိရပါတယ်။
“ပြန်လာနေတယ်လို့တော့မဟုတ်ဘူး။ နေကြည့်တာပ။ အထုပ်တခါတည်းပြင်ထားပြီးသားပဲ။ မြေပြင်ကတော့ မကြောက်ပါဘူး။ ဝေဟင်ကဆိုရင်သာပြေးဖို့ပြင်ထားတာ။ အိမ်ကိုမီးလောင်သွားပေမယ့် မြေပြင်တိုက်ပွဲ မှာသူတို့တွေ အများကြီးသေတာသိရတော့ နောင်တမရဘူး ကျေနပ်တယ်” လို့ ရှားဖိုရွာသူ တဦးက ပြောပါတယ်။
မီးလောင်ပြင်ထဲမှာ တွေ့ရတဲ့ ဦးခေါင်းခွံတွေနဲ့ ပါတ်သက်ပြီး “ပျူအလောင်းတွေပဲဖြစ်မှာပါ။ စစ်ခွေးတွေက သူတို့ သူတို့ချင်းပဲရအောင်ဆွဲထုတ်တာ။ ပျူတွေဆို လက်နက်ကောက်ယူပြီး အလောင်းပစ်ထားခဲ့တာ” လို့လည်း ဒေသခံ PDF ကပြောပါတယ်။
ရှားဖိုကျေးရွာဟာ၊ ကလေးမြို့နယ်၊ တင်သားအုပ်စုထဲက အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၅ ရက်ကြာ စစ်ကြောင်းထိုးရာမှာ ဒေသခံ PDF တွေက ပြန်လည်ခုခံခဲ့ကြပါတယ်။ ၅ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြားနဲ့ အကြမ်းဖက်စစ်အုပ်စုဝင် ပျူစောထီးတွေလည်း သေဆုံးခဲ့တဲ့အတွက် စစ်တပ်ဖက်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပြီး အိမ်ခြေ ၁၀၆ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။