လောင်းလုံးမြို့နယ်က သွေးသောက်အဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ပုံကျေးရွာက သွေးသောက်အဖွဲ့ဝင် ဦးဖေအေးကို ဇွန်လ ၄ ရက် မနေ့ကည ၈ နာရီခန့်မှာ ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက်သေဆုံးသွားတယ်လို့ လောင်းလုံး ဒေသခံတဦးက DNA ကိုပြောပါတယ်။
“သူအိမ်နားမှာဘဲ သေနတ်နဲ့ပစ်ခံရတယ်လို့ သိရတယ်။ ဖြစ်တာက ညပိုင်းကဖြစ်တာ။ ည ၈နာရီလောက်ရှိမယ်။သေသွားတယ်။အဲ့နေရာမှာဘဲ ပွဲချင်းပြီးပေါ့။ လာပစ်တဲ့အဖွဲ့ကလည်း အခု ထုတ်ပြန်ချက်ထုတ်တာတော့တွေ့တယ်” လို့ ယင်းဒေသခံက ပြောပါတယ်။
ဦးဖေအေးဟာ သွေးသောက်အဖွဲ့ဝင်တစ်ဦးအဖြစ် ရပ်ရွာထဲမှာ လှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ငွေကြေးထောက်ပံပေးဖို့ အကြောင်းပြချက်နဲ့ ပြည်သူတွေဆီက ငွေကြေးလိမ်လည်ကောက်ခံနေတဲ့အတွက် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ Dawei Defense Team(DDT) က ထုတ်ပြန်ထားပါတယ်။
အခုလို လုပ်ဆောင်ချက်ကို Dawei Defense Team (DDT) တပ်ခွဲ (၃) ကသာ လုပ်ဆောင်တာဖြစ်ပြီး ကျေးရွာနေ ပြည်သူတွေနဲ့ မသက်ဆိုင်ဘူးလို့လဲ ကြေညာချက်မှာ ထည့်သွင်းရေးထားပါတယ်။