ဘင်္ဂလားဒေ့ရှ်မှာ ကွန်တိန်နာသိုလှောင်ရုံ  မီးလောင်မှုဖြစ်ပွားပြီး ၅ ဦးသေဆုံး ၁၀၀ ကျော် ဒဏ်ရာရ

Photo – Google

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ကွန်တိန်နာသိုလှောင်ရုံ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူငါးဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၅ရက်နေ့မှာ ပြောပါတယ်။

စစ်တကောင်းဆိပ်ကမ်းမြို့ကနေ ၂၅ မိုင်ဝေးတဲ့ ဆီတာခွန်ဒူ နယ်မြေရှိ ကွန်တိန်နာသိုလှောင်ရုံမှာ စနေနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့တာပါ။  ပြင်းပြင်းထန်ထန်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကွန်တိန်နာအများအပြား ဆက်လက်ပေါက်ကွဲခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“မီးသတ်သမားတွေဟာ ဒီကနေ့ မနက်ပိုင်းထိမီးသတ်ဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်” လို့  မီးသတ်ဌာနက တာဝန်ရှိသူ Faruk Hossain Shikder က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးနားမှာရှိတဲ့ အိမ်ပြတင်းပေါက်မှန်တွေ ကွဲသွားခဲ့တယ်လို့ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

“တချို့က စိုးရိမ်ရတဲ့အခြေအနေရှိနေလို့ သေဆုံးသူဦးရေ တိုးလာနိုင်ပါတယ်၊ ဒဏ်ရာရတဲ့သူတွေထဲမှာ မီးသတ်သမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်” လို့ စစ်တကောင်းမြို့ပြ ခွဲစိတ်ဆရာဝန် Mohammed Elias Hossain က ပြောပါတယ်။

“မီးလောင်မှု ဖြစ်ပွားရတဲ့အကြောင်းအရာကို ချက်ချင်း မသိရသေးပါဘူး၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ကွန်တိန်နာကနေ ပေါက်ကွဲလာပြီး တခြားကွန်တိန်နာတွေကို ကူးစက်လောင်ကျွမ်းသွားတာဖြစ်နိုင်တယ်” လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။