ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ သမဝါယမချေးငွေထုတ်ထားတဲ့ တောင်သူတွေ အနေနဲ့ ချေးငွေ ပြန်လည်မပေးဆပ်ပါက ဖမ်းဆီးတရားစွဲဆိုသွားမယ်လို့ စစ်အုပ်စု လက်အောက်ခံတွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ အဖွဲ့တွေဟာ ကျေးရွာအတွင်းမှာ အသံချဲ့စက်နဲ့ သမချေးငွေတွေကို အမြန်ဆုံးပြန်ဆပ်ဖို့အတွက် လိုက်လံကြေညာနေပြီး ဇွန်လ ၅ရက်နေ့ နောက်ဆုံးထားပြီး မပေးဆောင်ပါက ဖမ်းဆီးတရားစွဲမယ်လို့ ခြိမ်းခြောက်နေခဲ့တာပါ။
“စျေးတွေတက်တော့ လယ်ကရှုံးတယ် အဲ့ဒါကို အကြွေးအတင်းတောင်းတယ် အခုချိန်က စိုက်ချိန်မို့ အကြွေးတွေတောင် ထပ်တင်နေတာ ဘယ်သူက ဆပ်နိုင်မှာလဲ၊ ထွက်လည်းမပြေးနိုင်တဲ့သူတွေဆိုတော့ ဖြစ်တာကိုပဲ ရင်ဆိုင်ရမယ်”လို့ မော်လမြိုင်ကျွန်းမြို့နယ်က ယခင် လယ်သမားအရေး လှုပ်ရှားသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖေါင်းပွမှု ၊ အထွေထွေ ကျပ်တည်းမှုတွေကြောင့် သွင်းအားစုကုန်ကျစရိတ်တွေ မြင့်တက်လာခဲ့ပေမယ့် သီးနှံစျေးနှုန်း သိသာစွာ မြင့်တက်မှုမရှိတာကြောင့် တောင်သူတွေမှာ မိုးရာသီစပါးစိုက်ပျိုးချိန်ကိုတောင် အချိန်မှီစိုက်ပျိုးနိုင်ဖို့ ခက်ခဲနေကြပါတယ်။