ဖျာပုံမြို့မရဲစခန်းကို ဝါးချွန်တွေနဲ့ လုံခြုံရေးစည်းကာရံထား

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ စစ်အုပ်စုလက်အောက်ခံ မြို့မရဲစခန်းကို ဝါးချွန်တွေနဲ့ လုံခြုံရေးစည်းရိုးကာရံထားတယ်လို့ ဖျာပုံခရိုင်PDFက မနေ့က ဇွန်လ ၂ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မအူပင်မြို့မရဲစခန်းမှာလည်း ဝါးချွန်တွေနဲ့ လုံခြုံရေးစည်းရိုးလုပ်ဆောင်ထားပြီးနောက် ဧရာဝတီတိုင်းအတွင်းမှာ အခု ဖျာပုံမြို့မရဲစခန်းမှာလည်း အလားတူ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ဘဝတွေကို မလုံခြုံအောင် မတရား ခြောက်လှန့်ခဲ့သလိုပဲ အခုရဲစခန်းတွေနဲ့ သူတို့မိသားစုတွေလည်း မလုံခြုံတော့တဲ့အခြေအနေကို ရင်ဆိုင်နေရပြီ၊ အခုလို မြို့ပေါ်မှရှိတဲ့ စခန်းတွေမှာ ရှေ့တန်းလို မဆုတ်တမ်းခံ စစ်စခန်းတွေပုံစံ လုံခြုံရေးခြံစည်းရိုးတွေကာနေတာဟာ PDF တွေကို အတော်လေးကြောက်လို့ လုပ်တာ၊ ဒီတော်လှန်ရေးမှာ စခ/ရခတွေဘက်က တော်လေးသွေးပျက်နေကြပြီဆိုတာ ဒါကိုကြည့်ရင် သိနိုင်ပါတယ်လို့ ဖျာပုံခရိုင် PDFက ပြောပါတယ်။
ဒါ့အပြင် ဘိုကလေး၊ ဒေးဒရဲနဲ့ ကျိုက်လတ်မြို့နယ်တွေမှာရှိတဲ့ ရဲစခန်းတွေမှာလည်း ဝါးချွန်အကာအရံတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။