ပင်လောင်းရဲစခန်းက မူးယစ်တပ်ဖွဲ့ ဒုတပ်ကြပ်ရဲမေ အလင်းဝင်

ပုံစာ – KDF ရဲဘော်တွေ
ရှမ်းပြည်နယ်၊ ပင်လောင်းရဲစခန်း၊ မူးယစ်တပ်ဖွဲ့က ဒုတပ်ကြပ် ရဲမေတစ်ဦး ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံ ခိုလှုံလာတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ဒုတပ်ကြပ် ဝီတိုရီယ (ခ) သိုးကလေးဟာ ဒီကနေ့မနက်ပိုင်းမှာ KDF ထံ ရောက်ရှိလာခြင်း ဖြစ်ကြောင်း KDF က ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ဆီကို ဆက်သွယ်ထားတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ သူထွက်လာနိုင်တဲ့နေရာအထိထွက်လာပြီးမှ ကျွန်တော်တို့ရဲဘော်တွေ သွားခေါ်တာ ဒီနေ့မနက်ရောက်ပါတယ်’ လို့ KDF ပြန်ကြားရေး တာဝန်ခံ ရဲဘော်လင်းလင်းက ပြောပါတယ်။
ဒုတပ်ကြပ် ရဲမေ ဝီတိုရီယ (ကိုယ်ပိုင်အမှတ် လ – ၂၇၂၈၁၇) ဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို မခံနိုင်တာ ကြာခဲ့ပြီဖြစ်ပြီး ထွတ်ခွာဖို့ နည်းလမ်းမျိုးစုံသုံးကာ ထွက်လာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
‘သူ့မှာက သေနတ်တော့ မယူလာနိုင်ခဲ့ဘူး။ ဒါပေမဲ့ ရုံးအဝင်အထွက် စာရင်းဇယားစာအုပ်တွေ ပါလာခဲ့တယ်’ လို့ ရဲဘော်လင်းလင်းက ပြောပါတယ်။
ရဲမေဝီတိုရီယကို ပြည်သူရင်ခွင်ဆီ ပို့ဆောင်လွှဲပြောင်းပေးမှာဖြစ်ပြီး အခုအခါ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
အလင်းဝင်မယ့် စစ်သားနဲ့ရဲတို့အနေနဲ့ လက်နက်ယူဆောင်လာနိုင်ပါက ကျပ်သိန်း ၃၀ ဆုချီးမြင့်မှာ ဖြစ်ပါတယ်။