အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တာ့ဖ်မြို့မှာကျင်းပတဲ့ အောက်မေ့ဖွယ်နေ့ ပွဲတော်တစ်ခုမှာ မေလ ၂၉ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အခြား ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ပွဲတော်လာတဲ့သူတွေ အချေအတင်ဖြစ်ကြပြီး သန်းခေါင်ကျော်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ” လို့ ပြည်နယ်စုံစမ်းစစ်ဆေးရေးဗျူရို (OSBI) က ဆိုပါတယ်။
“ပစ်ခတ်မှု သံသယရှိသူတစ်ဦးဟာ တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ မက်စခိုဂီအ် ကောင်တီ ရဲအရာရှိရုံးကို ရောက်ရှိလာခဲ့တယ်” လို့ OSBI ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒဏ်ရာရသူတွေဟာ အသက် ၉ နှစ်မှ၅၆ နှစ်ကြား အရွယ်တွေဖြစ်ပြီး အားလုံး အသက်အန္တရာယ်မစိုးရိမ်ရပဲ ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။တူလ်ဆာမြို့ အရှေ့တောင်ဘက်ရှိ တာ့ဖ်မှာ နှစ်စဉ် အောက်မေ့ဖွယ်နေ့ပွဲတော်ကို ကျင်းပတာဖြစ်ပြီး လူပေါင်း ၁,၅၀၀ ခန့် တက်ရောက်တယ်လို့ သိရပါတယ်။