မြန်မာ့အရေး အလေးထားပြောရမယ့်အရေးကြီးတဲ့အချိန်လို့ ကုလဆိုင်ရာဗြိတိန် ဒုသံအမတ်ကြီးပြော

ရွာတွေ ဗုံးကြဲမီးရှို့ခံရတာ အရပ်သားတွေ ရင်ဆိုင်နေရတာကြောင့် မြန်မာ့အရေး အလေးထားပြောရမယ့် အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် ဒုတိယသံအမတ်ကြီး James Kariuki က ပြော ကြားပါတယ်။
ဗြိတိန် ဒုတိယသံအမတ်ကြီးကမေလ၂၇ရက်နေ့၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းထောက်တွေကို အဲဒီလို ပြောခဲ့တယ်လို့ VOA ကဖော်ပြပါတယ်။
မြန်မာစစ်တပ်လက်ထက်မှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာနေတယ်လို့လည်း သူကဆိုပါတယ်။
‘အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း ၁ နှစ်ကျော်လာပေမဲ့ တိုးတက်မှု မတွေ့ရပါဘူး’ လို့ သူက ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မေ၂၇ရက်နေ့က သီးသန့်ဆွေးနွေးခဲ့ပြီး ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကမြန်မာ့အရေး ဆွေးနွေးပွဲမှာ အစီရင်ခံ တင်ပြခဲ့ပါတယ်။
နိုလင်းဟေဇာဟာ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါသေးတယ်။