ဖီဂျီနိုင်ငံဟာ အင်ဒို-ပစိဖိတ်စီးပွားရေးအစီအစဉ်မှာ ပထမဆုံး ပစိဖိတ်ကျွန်းနိုင်ငံအဖြစ် ပါဝင်လာ

Photo – Reuters

“ဖီဂျီနိုင်ငံဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အင်ဒို-ပစိဖိတ် စီးပွားရေးဆိုင်ရာ အစီအစဉ် (IPEF )မှာ ပူးပေါင်းပါဝင်တယ်” လို့ အိမ်ဖြူတော်က မေလ ၂၄ရက်က ပြောခဲ့ပါတယ်။

ဖီဂျီနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ပြန်လည်တွန်းလှန်ဖို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အစီအစဉ်မှာပါဝင်တဲ့ ပထမဆုံး ပစိဖိတ်ကျွန်းနိုင်ငံ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေကို ကျယ်ကျယ်ပြန့်ပြန့် ခရီးစတင်နေချိန်မှာ အဲ့ဒီ ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဖီဂျီနိုင်ငံဟာ ပေကျင်းနဲ့ ဝါရှင်တန်အကြား သြဇာလွှမ်းမိုးမှုအတွက် ပြိုင်ဆိုင်မှု ပိုမိုတင်းမာလာနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဖီဂျီဟာ တရုတ်ကို ဖယ်ထုတ်ထားတဲ့ IPEF ဆွေးနွေးပွဲတွေမှာ ပါဝင်လာတဲ့ ၁၄ နိုင်ငံမြောက် နိုင်ငံဖြစ်လာတာပါ။

အိမ်ဖြူတော်ဟာ ဖီဂျီကို IPEF ရဲ့တည်ထောင်သူအဖွဲ့ဝင်နိုင်ငံအဖြစ် ကြိုဆိုခဲ့ပြီး အခုအခါ အရှေ့မြောက်နဲ့အရှေ့တောင်အာရှ၊ တောင်အာရှ၊ ပစိဖိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်ကျွန်းစုတွေက နိုင်ငံတွေလည်း IPEF မှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။

ဖီဂျီဟာ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း မီလန်နီးရှား ဒေသမှာရှိတဲ့ ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပြီး အခုအချိန်ထိ ပစိဖိတ်ကျွန်းစုတွေရဲ့ စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။