မင်းကင်းမြို့ မြစ်ရိုးအောက်ဖက် ကျေးရွာတွေကို စစ်အုပ်စုက မီးရှို့မှု​ကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီး

ဓာတ်ပုံ- CJ
စစ်ကိုင်းတိုင်း မင်းကင်းမြို့ မြစ်ရိုးအောက်ဖက်မှာရှိတဲ့ ကျေးရွာ ၁၀ရွာခန့်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မနေ့က မေလ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တွေ ရေမြှုပ်မိုင်းနဲ့ အတိုက်ခံရအပြီးမှာ မြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။
“၁၀ ရွာလောက်ကို မီးရှို့သွားတယ်၊ တစ်ရွာဆို အိမ်ခြေ ၂၀ လောက်ပဲကျန်တယ် ရွာလုံးကျွတ်မီးရှို့ပစ်လိုက်ကြတာ၊ ဒီမနက်မှာလဲ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက်ကျေးရွာတွေကို ဝင်ပြီးဖျက်ဆီးမီးရှို့တယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တစ်ဦးလည်း ကျဆုံးခဲ့ရတယ်” လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်သိန်းငှက်က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေကို မွှေနှောက်ဖျက်ဆီးနေပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ နေ့စဉ်ကျူးလွန်နေပါတယ်။