အမေရိကန်တစ်ဦးနဲ့ တရုတ်ထောက်လှမ်းရေးလေးဦးကို သူလျှိုမှုနဲ့ အမေရိကန် စွဲချက်တင်

Photo – Reuters

အမေရိကန်နိုင်ငံသား တစ်ဦးနဲ့ တရုတ်ထောက်လှမ်းရေးအရာရှိ လေးဦးကို အမေရိကန်မှာ နေထိုင်တဲ့ တရုတ်အတိုက်အခံတွေ၊ လူ့အခွင့်အရေး ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေအပေါ် သူလျှိုလုပ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ အမေရိကန်တရားရေးဌာနက မေလ ၁၈ရက်မှာ ပြောပါတယ်။

နယူးယောက်မြို့ Queens ရပ်ကွက်မှာနေထိုင်တဲ့  Shujun Wang ကို မေလ ၁၆ရက်မှာ ဖမ်းဆီးခဲ့ပြီး နယူးယောက်အရှေ့ပိုင်းခရိုင် အမေရိကန်ရှေ့နေရုံးက အဲဒီနေ့မှာပဲ စွဲချက်တင်လိုက်တာပါ။

 အသက် ၇၃နှစ်အရွယ် Wang အပြင် MSS အရာရှိ တရုတ်ထောက်လှမ်းရေးအေးဂျင့် လေးဦးကိုလည်း သူလျှိုမှုနဲ့ စွဲချက်တင်ထားပြီး သူတို့လေးဦးကတော့ လွတ်မြောက်နေစဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 “အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ လုပ်ကြံဖန်တီးမှုသက်သက်ပါပဲ” လို့ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 “ဒီစွဲချက်ဟာ တရုတ်နိုင်ငံရဲ့လုပ်ဆောင်မှုတွေကို ဖော်ထုတ်နိုင်ပြီး သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေမှာပါ။ ဒါဟာ ဒီမိုကရေစီလိုလားတဲ့ ယုံကြည်ချက်နဲ့ ပြောဆိုမှုတွေကြောင့် အမေရိကန်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်”လို့ နယူးယောက်မြို့ အရှေ့ပိုင်းခရိုင်မှ အမေရိကန် ရှေ့နေ Breon Peace က ပြောပါတယ်။

Wang ဟာ တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) ကို အနည်းဆုံး၂၀၁၁ ခုနှစ်ကတည်းက သတင်းအချက်အလက်တွေ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ 

ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ထိုင်ဝမ် လွတ်လပ်ရေး အတွက် ထောက်ခံသူတွေ  ဝီဂါနဲ့ တိဘက် တက်ကြွလှုပ်ရှားသူတွေကို  ပစ်မှတ်ထားဖို့  MSS အရာရှိတွေက Wang ကို ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲချက်တွေက ဖော်ပြထားပါတယ်။