နိုင်ငံတကာအနေနဲ့ လက်နက်ကူညီပေးဖို့ NUG ကာကွယ်ရေးဝန်ကြီး တောင်းဆို

မြန်မာစစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်ငံတကာအနေနဲ့ လက်နက်ကူညီပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ရေးရာအရ ကူညီပံ့ပိုးပေးနေတာကို ကျေးဇူးတင်ကြောင်း၊ ရုရှားကျူးကျော်တပ်ကို ခုခံတော်လှန်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ကူညီထောက်ပံ့နေသလိုမျိုး မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း လက်နက်နဲ့ငွေကြေးလို ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ ရမယ်ဆိုရင် ပိုပြီးကျေးဇူးတင်မိမှာဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဋ္ဌာနကို ပြောပါတယ်။
Data for Myanmar ရဲ့ မေလ၁ရက်နေ့ထုတ်ပြန်တဲ့စာရင်းအရ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှု ကြောင့် ပြည်သူတွေရဲ့နေအိမ်ခန့်မှန်း ၁၁၄၁၇လုံးပျက်စီးခဲ့ရပြီး ဒီနေ့ထိတိုင်လည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို အကြမ်းဖက်စစ်တပ်က နေ့စဉ်ဖျက်ဆီးနေခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့အရေးကို လက်တွေ့ကျကျရင်ဆိုင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ် ကပြည်သူတွေအပေါ် နေ့စဉ်သတ်ဖြတ်နေတာကို မမြင်ချင်ယောင်ဆောင်နေတယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကဆိုပါတယ်။
‘နေ့စဉ် မီးရှို့တယ်၊သတ်ဖြတ်တယ်။လတ်တလောလိုအပ်နေတာက ဒီလိုသတ်ဖြတ်မှုတွေကို ဘယ်လိုကာ ကွယ်မလဲဆိုတာပဲ။မင်းအောင်လှိုင်ကို သံတမန်ဖိအားလောက်နဲ့ မရဘူးဆိုတာ နိုင်ငံတကာက သိတယ်။ အဲဒါဆို ဘာလုပ်ပေးနိုင်မလဲ။ဘာမှမလုပ်ပေးချင်လို့ မမြင်ချင်ယောင်ဆောင်နေတယ်’လို့ သူကပြောပါတယ်။
NUG ဟာ အခုတိုင်းနဲ့ပြည်နယ်အနှံ့မှာ PDFတပ်ရင်းတပ်ဖွဲ့တွေ ရှိနေပြီဖြစ်ပြီး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အရင်ဆုံး အမြစ်ဖြတ်ဖို့ လိုအပ်တယ်လို့ ဦးရည်မွန်က ပြောဆိုထားတာပါ။