တရုတ်နိုင်ငံက  ပြည်ပအကူအညီသုံးစွဲမှုစရိတ်အားလုံး  ဗြိတိန်ရပ်ဆိုင်းမယ်

Photo – Reuters

တရုတ်နိုင်ငံမှာ အသုံးပြုနေတဲ့ ပြည်ပအကူအညီ သုံးစွဲမှုစရိတ် အားလုံးကို ရပ်ဆိုင်းမှာဖြစ်တယ်လို့  ဗြိတိန်စီးပွားရေးဝန်ကြီး Kwasi Kwarteng က မေလ ၁၇ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

“ကမ္ဘာ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ၊ ဒါပေမယ့် ယူကေအကူအညီကို တခြားပိုလိုအပ်တဲ့နေရာတွေမှာပဲ ကျွန်တော်တို့ အသုံးပြုသွားမှာပါ”လို့ Kwarteng က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ မနှစ်က တရုတ်နိုင်ငံကို ဗြိတိန်က ပေါင် ၁၃ သန်း ကူညီခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာသစ်ကို ရေးဆွဲပြီးနောက်မှာ အခုလိုကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်၊

အဲဒီ မဟာဗျူဟာသစ်အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့  သက်ဆိုင်ရာနိုင်ငံတွေကို ဘတ်ဂျက်အကူအညီတွေ တိုက်ရိုက်ထောက်ပံ့နိုင်ရေး ကြိုးစားသွားမယ်လို့ ကတိပြုထားပါတယ်။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပေးအပ်ဖို့ ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ပံ့ပိုးကူညီဖို့၊ လိုအပ်နေသူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ရရှိရှိဖို့နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကူညီပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂကနေ ထွက်ခွာပြီးကတည်းက ဗြိတိန်ဟာ နိုင်ငံတကာမှာ သူ့ရဲ့သံတမန်ရေးရာအာဏာကို ပြသချင်နေတာပါ။ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို လျှော့ချဖို့  ကြိုးစားပြီး အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံတွေအကြား သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ မျှော်လင့်ထားပါတယ်။