အလုံမြို့နယ် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူး အပစ်ခံရ

ရန်ကုန်မြို့ အလုံမြို့နယ် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးကို အမည်မသိ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီ​လောက်က အလုံလမ်းနဲ့ သိပ္ပံလမ်းထောင့်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ စစ်ဆေးနေတယ်လို့ အခင်းဖြစ်တဲ့​နေရာအနီးကို ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။
“ဒလန်လှမိုး အပစ်ခံရတာ အခုကမ်းနားလမ်းနဲ့ အလုံလမ်းမှာ စစ်ကားတွေရော ရဲကားတွေရော အများကြီးဘဲ ကွင်းကျောင်းလမ်းမှာဆို လမ်းပိတ်ထားတယ်၊ ဧရာဝတီဧည့်ရိပ်သာဘက်မှာလည်း စစ်ကားတွေ မနည်းဘူး၊ အကုန်ပိတ်ဆို့ပြီး မွှေနေတယ် လှမိုးကတော့ သေသွားတာ သေချာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။