စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည် ရွာဓမ္မာရုံကို ထိမှန်၊ကလေး ၄ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ဟာ စစ်ကိုင်းမြို့နယ်၊ မအူပင်အုပ်စု၊ ကုန်းတန်းလေးရွာထဲ ကဓမ္မာရုံ ကို ထိမှန်ခဲ့ပြီး ကလေး ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ ရွာအဝင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာမြောက်ဘက်က ဓမ္မာရုံနဲ့တောထဲမှာရှိတဲ့ လူနေတဲတစ်လုံးကို ထိမှန်ခဲ့ ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘ရွာထဲက ဘယ်သူကမှ တိုက်တာခိုက်တာခုခံတာမရှိဘဲနဲ့ ရွာထိပ်ကနေ လက်နက်ကြီးနဲ့ ၂ ချက်ပစ်ခတ်မိုက်ရိုင်းတာလို့ သိရတယ်။ ပြီးတော့ အိမ်တွေကိုဝင်မွှေတယ်။ လိုချင်တာသယ်တယ်။ အိမ်ကိုမီးရှို့တယ်။ ဒါကတော့ စစ်ခွေးတွေ ဘယ်ရွာမဆို ဝင်တိုင်း လုပ်နေကျပါ’ လို့ စစ်ကိုင်းမြို့၊ဆင်ခြေဖုံးရပ်ကွက်တစ်ခုနေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်မီးရှို့လို့ ယာတဲအပါအဝင် အိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပဲကတိုးရွာဘက်မှာ ကားထားခဲ့ပြီးဒီနေ့မနက် ၅ နာရီကျော်လောက်မှာ ကုန်းတန်းလေးရွာထဲ ခြေလျင်ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။