အပြစ်မဲ့တဲ့ ဘယ်ပါတီဝင်ကိုမဆို အနှောက်အယှက်ပေးမှာမဟုတ်ဘူးလို့ Palaw Regional Defense Force (PRDF)ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းရှိ သွေးသောက်အဖွဲ့နဲ့ပတ်သက်ပြီး PRDF က ပြည်သူတွေကို အသိပေး ချက် ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေဟာ ပါတီစွဲ၊ ခံစားချက်စွဲ၊ ပုဂ္ဂိုလ်စွဲတို့နဲ့ တော်လှန်တိုက်ခိုက်နေခြင်း မဟုတ်ဘဲစစ်အာဏာရှင်စနစ်ကိုသာ တော်လှန်နေခြင်းဖြစ်ကြောင်းဒါ့ကြောင့် စစ်အာဏာရှင် ကို အထောက်အပံ့ပြုနေသူတွေနဲ့ စစ်အာဏာရှင် တော်လှန်ရေးကို အနှောက်အယှက်ပေးနေ သူတွေကိုသာ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ကြောင်းဆိုပါတယ်။
အခုရက်ပိုင်းမှာ ပုလောမြို့နယ်အတွင်းရှိသွေးသောက်အဖွဲ့က ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေဟာ
ကြံ့ဖွံ့ပါတီဝင်တွေနဲ့တော်လှန်ရေး မထောက်ခံသူတွေကို ပစ်မှတ်ထားရှင်းလင်းနေကြောင်း ဒါ့ကြောင့် ကြံ့ဖွံ့ ပါတီဝင်နဲ့ပြည်သူတချို့အနေနဲ့ သွေးသောက်အဖွဲ့နဲ့ပူးပေါင်းတိုက်ခိုက်ဖို့ သိမ်းသွင်းနေကြောင်း ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် သွေးသောက်အဖွဲ့က NLD၊ PDF အဖွဲ့ဝင်တွေနဲ့သူတို့နဲ့ပတ်သက်တဲ့ မိသားစုဝင်တွေ၊ထောက်ပံ့ပေးနေသူတွေကို ပစ်မှတ်ထားရှင်းလင်းမယ်လို့လည်း ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။