အမေရိကန် သံတမန်တွေ ကိယက်ဗ်သံရုံးကို ပထမဆုံး ပြန်ရောက်လာ

Photo – Reuters
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကန်က ယူကရိန်းနိုင်ငံ မြို့တော်ရှိ အမေရိကန်သံရုံးကို မကြာမီ ပြန်လည်ဖွင့်လှစ်ဖို့ ပြီးခဲ့တဲ့လက ကိယက်ဗ်ခရီးစဉ်မှာ ကတိပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် ခရစ်စတီးနား ခဗီးယန်နဲ့ အဖွဲ့ဟာ မေလ ၈ ရက်မှာ မြို့တော် ကိယက်ဗ်ကို ရောက်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
 
သံတမန်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်ရုရှားကျူးကျော်မှုမတိုင်မီ ယူကရိန်းနိုင်ငံထဲကနေ ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့လက အနောက်ပိုင်း လာဗီးဗ် မြို့ကို ရောက်ရှိနေကြတာပါ။
တနင်္ဂနွေနေ့က သံတမန်တွေသွားရောက်ခဲ့တဲ့ခရီးစဉ်ဟာ ယာယီခရီးစဉ်သာဖြစ်ပြီး သံရုံးပြန်ဖွင့်မယ့် အခြေအနေ မရှိဘူးလို့ နိုင်ငံခြားရေးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။
 
ဘလင်ကန်ဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ တနင်္ဂနွေနေ့က စကားပြောခဲ့ပြီး သံရုံးတာဝန်ခံ ခဗီးယန် ဦးဆောင်တဲ့ အဖွဲ့ငယ်လေးဟာ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့စီစဉ်ထားတဲ့ကိယက်ဗ်မြို့ကို သွားရောက်ခဲ့တဲ့အကြောင်း အသိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဘလင်ကန်ဟာ ဘေးကင်းရေးနဲ့လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့အညီ သံတမန်တွေကို တတ်နိုင်သမျှ အမြန်ဆုံးကိယက်ဗ်ကိုပြန်လည်ရောက်ရှိရေးဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိက ပြောကြားခဲ့ပါတယ်။