အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KNU(ကရင်အမျိုးသားအစည်းအရုံး)က တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန်လိုက်ခြင်းဖြစ်ပါတယ်။
အခုဖိတ်ကြားမှုဟာ ကန့်သတ်ဖိတ်ကြားမှုပုံစံဖြစ်နေပြီး သက်ဆိုင်သူအားလုံးပါဝင်ခြင်းမရှိတဲ့အတွက် ရေရှည် တည်တံ့တဲ့ငြိမ်းချမ်းရေးမရနိုင်သလို လက်နက်ကိုင်ပဋိပက္ခတွေလည်း ချုပ်ငြိမ်းနိုင်မှာမဟုတ်ဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာမှာ အကြမ်းဖက်တာ၊ဖမ်းဆီးညှင်းပန်းနှိပ်စက်တာ၊ရွာတွေကို မီးရှို့တာ၊လက်နက်ကြီးတွေ၊လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေကို ရပ်ရမယ်လို့ KNU က ဆိုပါတယ်။
KNU ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အစဉ်တစိုက် ဦးစားပေးလုပ်ကိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူကိုယ်တိုင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမယ်လို့ ဖိတ်ခေါ်ထားပြီး ဒီနေ့(မေ၉ရက်နေ့)နောက်ဆုံးထား စာရင်းပေးဖို့ ပြောထားပါတယ်။