တည်သီးကျေးရွာက စစ်အုပ်စုနဲ့ ပျူစောထီးတွေ မိုင်းထိပြီး ၂ ဦးသေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင် မောင်ဆန်းဦး ဦးဆောင်တဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်း ဦးဆောင်တဲ့ ပကဖ (ရွှေဘို) အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၇ ရက်နေ့ ညပိုင်းမှာ ဗိုလ်ကျားရိုင်းဦးဆောင်တဲ့ ပကဖ (ရွှေဘို)၊ C&T SHWEBO၊ SNAKE EYES – PDF ၊ ဖားရွှေကျော်အဖွဲ့၊ Alpha 7၊ ဒေါင်းမာန်အဖွဲ့နဲ့ တပ်ပေါင်းစု ၂ ပူးပေါင်းအဖွဲ့ကာ ကင်းလှည့်ထွက်လာတဲ့ မောင်ဆန်းဦးခေါင်းဆောင်တဲ့ ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်အပြီးမှာ မဟာမိတ်ပူးပေါင်းအဖွဲ့က ထိခိုက်သူမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။