BGF က ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး စစ်အုပ်စုစခန်း​တွေဆီ ပို့ဆောင်

သံလွင်မြစ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူတွေကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးပြီး စစ်အုပ်စုရဲ့ ဝင်းတာပန်နဲ့ လေးကေစခန်းတွေကို ​ပေါ်တာအဖြစ် ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC က ဖော်ပြထားပါတယ်။
မေလ ၁ရက်နေ့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်းက ဗိုလ်တင်ဝင်းဦးစီးတဲ့အဖွဲ့ဟာ သံလွင်မြစ်ကမ်း အနောက်ဘက်မှာရှိတဲ့ ကျေးရွာ ၈ရွာက ဒေသခံပြည်သူ ၁ဝ၀ နီးပါးကို ဖမ်းဆီးပြီးနောက် ၅၀ ဦးခန့်ကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဝင်းတာပန်နဲ့ လေးကေစစ်စခန်းတွေကို စစ်အုပ်စုရဲ့ အထမ်းသမား ပေါ်တာအဖြစ် ပို့ဆောင်ခဲ့တာပါ။
“ပြီးခဲ့တဲ့ရက်က ဖမ်းသွားတဲ့ လူတွေ ငွေနဲ့ရွေးယူရတယ်။ လူကြီး ၁၀ သိန်း၊ လူငယ်သိန်း ၂၀ နဲ့ ရွေးရတယ်။ ပိုက်ဆံမတတ်နိုင်သူကတော့ ဝင်းတာပန်၊ လေးကေဘက်ကို စစ်ကူထွက်မယ့် စစ်ကောင်စီ တပ်တွေဆီပေါ်တာ ပို့လိုက်တယ်။ အဆက်အသွယ်မရကြတော့ဘူး။ လူ ၅၀ လောက်ပါသွားပြီး ကျန်တာ တွေကတော့ ရွာဘက် ပြန်ရောက်ကြပြီး” လို့ ဒေသခံတစ်ဦးက KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
သံလွင်မြစ်ကမ်း အနောက်ဘက် မြိုင်ရွာ၊ ကုန်းတန်းကြီးရွာ၊ ဝဲပျံချောင်းဝ၊ ဘုရားဆိပ်၊ ဝဲပျံ၊ ပေပင်ဆိပ်၊ မိတ္ထီလာနဲ့ မိဇိုင်းကျေးရွာစတဲ့ ကျေးရွာထဲကို မေလ ၁ ရက်နေ့ မနက်ပိုင်းမှာ BGF က အိမ်စီးကားကြီး ၆ စီး အင်အား ၅၀ ခန့်နဲ့ ကျေးရွာအဝင်အထွက်လမ်းတွေကို ပိတ်ဆို့ကာ သေနတ်ပစ်ဖောက်ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားခဲ့တာပဲဖြစ်ပါတယ်။
BGF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေကို ဆက်လက်လုပ်ဆောင်နေပြီး အဓမ္မစစ်မှုထမ်းခိုင်းတာ ပေါ်တာအဖြစ် ခိုင်းစေတာတွေကြောင့် ဒေသခံတွေမှာ ရှောင်တိမ်းနေရပြီး အသက်အန္တရာယ်ကြုံတွေကြရမှာကို စိုးရိမ်ပူပန်နေကြရပါတယ်။
Source- KIC