ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ သံဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ ဒေါ်မြသိင်္ဂီဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။
သူဟာ မေလ ၃ ရက်နေ့ကစလို့ CDM မှာ ပူးပေါင်းပါဝင်ခဲ့တာပါ။ ရွေးကောက်ခံအစိုးရရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေတဲ့ သံဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုပဲ အခုလို CDM လုပ်ဆောင်ရတာဖြစ်တယ်လို့ ဒေါ်မြသိင်္ဂီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို လက်မခံတာကြောင့် CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေ များစွာရှိနေပြီး တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် CDM တွေဟာ နေ့စဉ်တိုးလာနေတာ ဖြစ်ပါတယ်။