PDF ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့အဖြစ် GSCB နှိုးဆော်

Photo – GSCB
ဒီနေ့မေလ ၅ ရက်နေ့ဟာ “ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF” ဖွဲ့စည်းတည်ထောင်ခြင်း ထုတ်ပြန်ကြေညာခဲ့တဲ့ တစ်နှစ်ပြည့်နေ့အဖြစ် ပြည်သူလူထုအ‌နေနဲ့ တော်လှန်ရေးတိုက်ပွဲတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ GSCB က နှိုးဆော်တိုက်တွန်းထားပါတယ်။
“နွေဦးအစ CDM က နွေဦးအသံ သပိတ်မာန် နွေဦးအသက် PDF တော်လှန်ရေး အဆုံးသတ် အတူချီတက်” ဆောင်ပုဒ်နဲ့အညီ နိုင်ငံတွင်း တောင်ပေါ်မြေပြန့် နေရာအနှံမှာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ဒေသဆိုင်ရာ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ အတူလက်တွဲ ချိတ်ဆက်ပြီး ခုခံတွန်းလှန်စစ်တိုက်ပွဲ ဆင်နွှဲနေကြတာ ခရီးတစ်ခု ရောက်နေပြီလို့ဆိုပါတယ်။
ဖေဖော်ဝါရီ (၁) ရက်နေ့၊ အကြမ်းဖက် စစ်အုပ်စုက အာဏာ မတရားယူပြီးနောက်မှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ (CDM) လှုပ်ရှားမှုတွေ၊ လူထုသပိတ်တိုက်ပွဲတွေ တနိုင်ငံလုံးမှာ ပေါ်ပေါက်လာခဲ့သလို နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ ဗျူဟာက “ပြည်သူ့စစ်မဟာဗျူဟာ” ဖြစ်ပါတယ်။
ခုခံတွန်းလှန် လက်နက်ကိုင်တိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲ၊ နိုင်ငံတကာ သံခင်းတမန်ခင်းတိုက်ပွဲ၊ သပိတ်တိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲစတဲ့ တော်လှန်ရေး အားလုံးကို ဆက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ဆိုပါတယ်။
ဒီတော်လှန်ရေးခရီးဟာ ပြည်သူပါဝင်မှုက အဓိကပဲ ဖြစ်တာကြောင့် ပြည်သူလူထုအ‌နေနဲ့ တော်လှန်ရေး တိုက်ပွဲတွေနဲ့ အစွမ်းကုန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြပါဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။